အကျိုးစီးပွား ပဋိပက္ခနှင့် အဂတိ

အကျိုးစီးပွား ပဋိပက္ခနှင့် အဂတိ


Ministry of Information/ Naypyitaw / December 13, 2020
image_latest


ယနေ့ကမ္ဘာတစ်ခွင်၌ Conflict of Interest (အကျိုးစီးပွားပဋိပက္ခ) ဟူသည့် ခေါင်းစဉ်နှင့် အကြောင်းအရာကို နယ်ပယ်အသီးသီးတွင် တွင်တွင်ကျယ်ကျယ် ပြောဆိုနေကြသည်။ အထူးသဖြင့် ပညာရှင် များအကြားတွင်၊ သို့မဟုတ် ပညာရပ်ဆိုင်ရာ နယ်ပယ်တို့တွင်နှင့် အာဏာနှင့် လုပ်ပိုင်ခွင့် တာဝန်ကြီးများကို ရရှိထားကြသူတို့ကြားတွင် အလေးပေးပြောဆိုနေကြခြင်း ဖြစ်ပါသည်။ ။

မည်သည့်ပညာရပ် သို့မဟုတ် လုပ်ငန်းနယ်ပယ်မျိုးတွင်မဆို လုပ်ပိုင်ခွင့်နှင့် အာဏာရှိသူများ၊ သို့မဟုတ် ပညာရှင်များသည် ဤအကျိုးစီးပွားပဋိပက္ခ မဖြစ်ရေးကို အလေးအနက်ထား စောင့်ထိန်း ကြရပါသည်။ ဒါသည်ပင် လူမှုကျင့်ဝတ်၊ ဒါသည်ပင် ပညာရှင်ကျင့်ဝတ်၊ ဒါသည်ပင် လုပ်ပိုင်ခွင့်ရရှိထားသူတို့၏ ကျင့်ဝတ်ဖြစ်ပါသည်။ ပညာရှင် တစ်ယောက်သည် မိမိ၏ ကိုယ်ကျိုးစီးပွားအလို့ငှာ ပညာရပ်ဆိုင်ရာ လုပ်ငန်းများကို မှန်မှန်ကန်ကန် မလုပ်ခြင်း၊ သို့မဟုတ် မှန်မှန်ကန်ကန် မလုပ်ဟု သံသယဖြစ်ဖွယ်ရှိသည့် လုပ်ငန်းတို့ကို ရှောင်ကြဉ်ရသည်။ ဒါက ပညာရှင်တို့၏ ကျင့်ဝတ်ပဲဖြစ်ပါသည်။ ။

ထို့အတူပင် အာဏာရှိသူ၊ ရာထူးရာခံရှိသူ၊ လုပ်ပိုင်ခွင့်တာဝန် ကြီးကြီးယူထားသူတို့သည် မိမိ၏ ကိုယ်ကျိုးစီးပွားနှင့် ပတ်သက် ဆက်နွှယ်နိုင်သည့် ဆုံးဖြတ်ချက်မျိုးရှိလျှင် ယင်းသို့သော ကိစ္စမျိုးကို

ရှောင်ကြဉ်ရသည်။ သို့မဟုတ် မိမိ၏ကိုယ်ကျိုးစီးပွားနှင့် တိုက်ရိုက် ပတ်သက်မှုမရှိဘူးဆိုသည့်တိုင် ဆက်နွှယ်လာနိုင်ဖွယ်ရှိသည့် ဆုံးဖြတ် ချက်မျိုးကို ရှောင်ကြဉ်ရသည်။ ဆိုလိုသည်မှာ မိမိက ကင်းရှင်းသည် ဆိုစေကာမူ အများအမြင်တွင် ကိုယ်ကျိုးစီးပွားနှင့် ဆက်နွှယ်မှုရှိနိုင် သည်ဟု ထင်မြင်နိုင်ဖွယ် သံသယဖြစ်ဖွယ်ရှိပါက ယင်းလုပ်ငန်းကို ရှောင်ကြဉ်ရခြင်းဖြစ်၏။

စီမံကိန်းတစ်ခုကို တင်ဒါခေါ်ရွေးချယ်ရာတွင် မိမိက ဆုံးဖြတ် ရမည့် တာဝန်ရှိသူဖြစ်နေလျှင် မိမိ၏ ကုမ္ပဏီဖြစ်စေ၊ မိမိ၏ မိသားစု ဆွေမျိုးရင်းချာတစ်ဦးဦး၏ ကုမ္ပဏီဖြစ်စေတို့ ဝင်ရောက်ယှဉ်ပြိုင်မှု ကို ခွင့်မပြုခြင်းမျိုး၊ သို့မဟုတ် ကြိုတင်ကြေညာပြီး တင်ဒါ ရွေးချယ်ရေးအဖွဲ့မှ နုတ်ထွက်ခြင်းမျိုး စသည်ဖြင့် ရှောင်ကြဉ် ခြင်း ဖြစ်ပါသည်။ - မိမိက မည်မျှပင် မျှမျှတတ၊ မှန်မှန်ကန်ကန် ရွေးချယ်ဆုံးဖြတ် သည် ဆိုသော်လည်း မမှန်မကန်ဆုံးဖြတ်မှု ဖြစ်နိုင်သည်ဟု သံသယ ရှိဖွယ် အငြင်းပွားဖွယ်ရှိပါက ယင်းလုပ်ပိုင်ခွင့်နေရာကို ငြင်းပယ်ခြင်း ဖြစ်၏။

ခေတ်ဟောင်း၊ စနစ်ဟောင်းကာလများတုန်းက သည်လို အမှု ကိစ္စမျိုး အဖြစ်မျိုးကို အမြဲလိုလို တွေ့မြင် နေခဲ့ကြရဖူးပါသည်။ စီမံကိန်း အတွက် အလုပ်အပ်နှံရမည့် တာဝန်ရှိသူ အရာရှိကြီးက သူ၏ ဇနီး ခင်ပွန်း ကုမ္ပဏီ၊ သူ၏ ဆွေမျိုးသားချင်း မိတ်ဆွေတို့၏ အဖွဲ့အစည်း၊ သူနှင့် အပေးအယူ လုပ်ထားသူတို့၏ ကုမ္ပဏီတစ်ခုခုကို ကန်ထရိုက် ပေးလိုက်သည်ဆိုတာမျိုးက ပေါ်ပေါ်ထင်ထင် ဖြစ်ပါသည်။

ယခင်ခေတ်များဟု ဆိုသော်လည်း ယနေ့ထက်တိုင်ပင် အချို့သော နယ်ပယ်များတွင် ထိုအလေ့အထ အမူအကျင့်တို့က ရှိနေဆဲ။

ထို့နည်းတူ စီမံကိန်းတစ်ခု၏ ပြီးစီးမှုနှင့် အရည်အသွေးကို စစ်ဆေးရသူနှင့် ထိုစီမံကိန်း အကောင်အထည်ဖော်သည့်အဖွဲ့ သို့မဟုတ် ကုမ္ပဏီ၏ အကြံပေးလုပ်သူက တစ်ဦးတည်းဖြစ်နေသည့် အဖြစ်မျိုး ဖြစ်၏။ သည်လိုမျိုးကို အချို့သော စီမံကိန်းများတွင် ယနေ့ထိတိုင် တွေ့နေရပါသည်။ သမ္မာအာဇီဝရှုထောင့်က ဆိုရလျှင် အလွန်ပင် မမှန်ကန်သော သက်မွေးဝမ်းကျောင်း စီးပွားရှာမှုပါပေ။

ဤသို့သော အကျိုးစီးပွားပဋိပက္ခ ဖြစ်ရပ်များ၏ နောက်ဆက် တွဲသည်ကား အရည်အသွေးမပြည့်မီသော စီမံကိန်းများကို ပိုက်မိ ရက်သားဖြစ်ရခြင်းတည်း။ စီမံကိန်းများ အရည်အသွေးမပြည့်သည့် အတွက် ငွေကြေးဆုံးရှုံးနစ်နာသည်က တစ်ခါ၊ ယင်းသို့ အရည် အသွေး မပြည့်မီသည့်အတွက် ပြိုပျက်ထိခိုက်ကြရသည်က နောက် တစ်ခါ၊ ယင်းကို ပြန်လည်ပြုပြင်တည့်မတ်ရသည့်အတွက် ထပ်မံ ကုန်ကျရသည်က တစ်ခါဖြစ်လေရာ အခါခါ နစ်နာဆုံးရှုံးကြရလေ သည်။

အထူးသဖြင့်မူ အစိုးရစီမံကိန်းများတွင်ဖြစ်၏။ အစိုးရစီမံကိန်း များသည် ပြည်သူ့ဘဏ္ဍာငွေဖြင့် အကောင်အထည်ဖော်ရသည် ဖြစ်လေရာ ထိုသို့သော အကျိုးစီးပွားပဋိပက္ခများက ယိုပေါက် ဂယ်ပေါက် ဖြစ်လေ့ရှိကာ အများပြည်သူ၏ ဘဏ္ဍာငွေ ထိခိုက်နစ်နာမှု ကြီးစွာ ဖြစ်ရပေတော့သည်။

ယနေ့ နိုင်ငံတော်၌ အဂတိကင်းစင်ရေးကို အလေးအနက်ထား ဆောင်ရွက်နေကြချိန်တွင် တိတိကျကျ ဆက်နွှယ်နေသည့် အကျိုး စီးပွားပဋိပက္ခလုပ်ရပ်များကို အထူးဂရုပြုစိစစ်ကြရန်လိုပါမည်။ အထူးအားဖြင့်မူ ယင်းကဲ့သို့သော အဂတိတရားကို ကာကွယ်နိုင်ရေး အတွက် အကျိုးစီးပွားပဋိပက္ခဆိုင်ရာတို့ကို မှန်ကန်သော မူဝါဒနှင့် တိကျသောစနစ်တို့ဖြင့် ပြင်ဆင်ကြရန် လိုပါမည့်အကြောင်း တင်ပြ လိုက်ရပါသည်။ ။