မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ အင်းစိန်ဗဟိုအကျဉ်းထောင် စစ်ဆေး

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ အင်းစိန်ဗဟိုအကျဉ်းထောင် စစ်ဆေး


Ministry of Information/ ရန်ကုန် / July 10, 2020
image_latest


ရန်ကုန်  ဇူလိုင် ၉

လူ့အခွင့်အရေးချိုးဖောက်မှုများ မရှိစေရန်အတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ အင်းစိန်ဗဟို အကျဉ်းထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုသို့ ဆောင်ရွက်မှုအနေဖြင့် ဇူလိုင် ၈ ရက်နှင့် ၉ ရက်တို့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်မြင့်နှင့် ဦးကျော်စိုးသည် အင်းစိန်အကျဉ်း ထောင်ရှိ အကျဉ်းသား၊ အကျဉ်းသူ အိပ်ဆောင်များ၊ ရိက္ခာဂိုဒေါင်တွင် ပစ္စည်းများထားရှိမှု အခြေအနေများ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များနှင့် စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ ထောင်ဝင်စာအခန်းများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်း ရှိ၊ မရှိ လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ထို့နောက် တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား/သူ၊ အချုပ်သား/သူ များနှင့် တွေ့ဆုံကာ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း ရှိ၊ မရှိ၊ ထောင် ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲများ ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံး အဆောင်ပစ္စည်းများရရှိခြင်း ရှိ ၊ မရှိ၊ အကျဉ်းထောင်အတွင်း အခြေခံ လူ့အခွင့်အရေးများရရှိမှု ရှိ ၊ မရှိတို့နှင့် စပ်လျဉ်း၍ မေးမြန်းကာ မှတ်တမ်းယူမှုများပြုလုပ်ပြီး စစ်ဆေး တွေ့ရှိချက်များကို လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုတိုက်တွန်းချက်များ ပေးပို့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး