ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်-ပုသိမ်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်-ပုသိမ်လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နိုင်ငံတော်သမ္မတရုံး/ vietnam / November 29, 2019


နေပြည်တော် နိုဝင်ဘာ ၂၉

ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့နံနက်ပိုင်း တွင် ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အပိုင်းလိုက် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်း ဒေသကြီးအပိုင်း) လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး မိုင်တိုင်အမှတ် (၁၇/၄) နှင့် (၂၄/၄ ) အကြား လမ်းချဲ့ခြင်း၊ စက်ယန္တရားများဖြင့် လမ်းသားအမာခံရရှိအောင် ဆောင်ရွက်ခြင်း၊ ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ရန်ကုန် - ပုသိမ်လမ်း ရှင်းလင်းဆောင်၌ ဧရာဝတီ တိုင်းဒေသကြီး ညွှန်ကြားရေးမှူး (မြို့ပြ) ဦးရန်နိုင်ဇော်က ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီး အပိုင်း) မိုင်တိုင် (၁၇/၄) မှ (၄၁/၄) ထိ ခရိုင် (၂) ဖွဲ့ ၊ လမ်းအထူးအဖွဲ့(၃) ဖွဲ့ စုစုပေါင်း (၅)ဖွဲ့ဖြင့် စက်ယန္တရားများဖြင့် လမ်းချဲ့ခြင်း ၊ အောက်ခံလမ်းသား အမာခံရရှိအောင် ဆောင်ရွက်ခြင်းနှင့် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် Oriental Highway Co., Ltd မှ တာဝန်ရှိသူက ရန်ကုန် - ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) လမ်းအဆင့်မြှင့်တင် ခြင်း လုပ်ငန်းများ အပိုင်းလိုက် လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ လမ်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုန်းလွင်က ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန် - ပုသိမ် လမ်းမကြီးသည် ဧရာဝတီတိုင်း ဒေသကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးကို ဆက်သွယ်သည့် အရေးပါသည့် လမ်းတစ်လမ်း ဖြစ်ပါ ကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာ “အစကောင်းမှ အနှောင်း သေချာမည်” ဖြစ်သည့်အတွက် လုပ်ငန်းစတင် ဆောင်ရွက်စဉ်ကပင် သတ်မှတ် စံချိန်စံညွှန်း ပြည့်မီရန် ဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွားပြည်သူများနှင့် လုပ်ငန်း ဆောင်ရွက်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး သတိပေး ဆိုင်းဘုတ်များ ၊ အသိပေး ဆိုင်းဘုတ်များထားရှိရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် - ပုသိမ်လမ်း (ဧရာဝတီ တိုင်းဒေသကြီးအပိုင်း) မိုင်တိုင်အမှတ် (၃၀/၄) နှင့် (၃၀/၅) ကြားကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိုင်တိုင် အမှတ် (၃၈/၄ မှ ၄၁/၃) ကြားလမ်းချဲ့ရန်အတွက် စက်ယန္တရားများဖြင့် မြေကြီးလုပ်ငန်း ဆောင်ရွက်နေမှု၊ ဗိုလ်မြတ်ထွန်းတံတားနှင့် ဧရာ၀တီတံတား (ညောင်တုန်း) တို့၏ ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)

အထူးသတင်း