ပဲပိစပ် တန်ချိန် ၂၀၀၀၀ တင်ဆောင်လာသည့် သင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိ

ပဲပိစပ် တန်ချိန် ၂၀၀၀၀ တင်ဆောင်လာသည့် သင်္ဘောကြီး သီလဝါဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိ


Ministry of Information/ Naypyitaw / December 13, 2020
image_latest


ရန်ကုန် ဒီဇင်ဘာ ၁၂
တန်ချိန် ၆၆၀၀၀ ကျော်ရှိသော YM SUMMIT ပင်လယ်ကူး သင်္ဘောကြီးသည် ပဲပိစပ် တန်ချိန် ၂၀၀၀၀ ခန့်ကို တင်ဆောင်၍ အပြည်ပြည်ဆိုင်ရာသီလဝါဆိပ်ကမ်းသို့ ယမန်နေ့ ညနေပိုင်းက ဆိုက်ကပ်ရောက်ရှိခဲ့ကြောင်း သိရ သည်။
ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်
မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အနေဖြင့် ယခုနှစ် ဒီဇင်ဘာလမှစတင်၍ ရေစူးအနက်အား ပြန်လည်တိုးမြှင့် သတ်မှတ်ပေးလိုက်ရာ ရန်ကုန်မြစ်ရေလမ်းကြောင်း တိုးတက်ကောင်းမွန်လာမှုကြောင့် သီလဝါအပြည်ပြည် ဆိုင်ရာဆိပ်ကမ်းသို့ နိုင်ငံတကာမှ ရေစူးနက်သော ပင်လယ်ကူးသင်္ဘောကြီးများ ဆိုက်ကပ်နိုင်ပြီဖြစ်၍ ကုန်စည်စီးဆင်းမှုများ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ ယခု အခါ ရေစူးအနက် ၁၀ မီတာမှ ၁၀ ဒသမ ၅ မီတာရှိသည့် ပင်လယ်ကူးသင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင် ကြပြီဖြစ်သဖြင့် လက်ရှိ ပြည်တွင်းသို့ ပင်လယ်ကူး သင်္ဘောကြီးများဖြင့် ဝင်ရောက်နေသော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် Clinker (ဘိလပ်မြေ လုပ်ဆောင်ရာတွင် လိုအပ်သည့်ပစ္စည်း)နှင့် ဆောက်လုပ် ရေးလုပ်ငန်းများလုပ်ဆောင်ရာတွင် အသုံးပြုသည့် သံချောင်းများ၊ စားသောက်ကုန်များဖြစ်သည့် ဂျုံနှင့် ပဲပိစပ်များ ဝယ်ယူရာတွင် ကုန်တင်စရိတ်များ သက်သာ စေကြောင်းလည်း သိရသည်။
 
“ပဲပိစပ်က တကယ်တော့ အားလုံးအတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ပဲပိစပ်ကို ပဲနို့၊ တို့ဟူး၊ ရှမ်းပဲပုပ် စသဖြင့် ပြုလုပ်ပြီးစားသုံးကြတယ်။ ခုပြည်ပနိုင်ငံက ဝယ်ယူတဲ့ပဲပိစပ်ကို မြန်မာပြည်က ကုန်သည်က ဝယ်ယူပြီးတော့ ကုန်ချောပြန်ထုတ်လုပ်မှာပါ။ ဒီဇင်ဘာ ၁၄ ရက် ညပိုင်းမှာ ဒီကုန်တွေ အကုန်လုံးချပြီး ပြန်ထွက်မှာဖြစ်ပါတယ်”ဟု ကပ္ပတိန်ဟင်နရီ ဦးခင်မောင်က ရှင်းပြသည်။
ယမန်နှစ်က ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် သုံးသန်းတင်ပို့နိုင်ခဲ့ကြောင်း၊ ယခုကဲ့သို့သော ပင်လယ်ကူး သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်ခြင်းအားဖြင့် ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့ရာတွင် ကုန်ပစ္စည်းစရိတ်သက်သာသည့် အတွက် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ သင်္ဘောပိုင်ရှင်များနှင့် ကုန်သည်များအတွက် ရလဒ်ကောင်းများရရှိစေပြီး စိုက်ပျိုး ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် တောင်သူလယ်သမားများအတွက်ပါ အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း သိရသည်။
သတင်း - ပွင့်သစ္စာ၊ ဓာတ်ပုံ - စိုးမြင့်အောင်