ပေါင်မြို့နယ် အ.လ.က(သဲဖြူကုန်း)ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်

ပေါင်မြို့နယ် အ.လ.က(သဲဖြူကုန်း)ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်


Ministry of Information/ Mon / February 09, 2020
image_latest


ပေါင် ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဆောက်လုပ် ထားသော ပေါင်မြို့နယ် အ.လ.က (သဲဖြူကုန်း) ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အမှာစကားပြောကြားရာတွင် “မလတ်တောင် မြေပြိုကျမှုဖြစ်စဉ်နှင့် စပ်လျဉ်း၍ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အန္တရာယ်ရှိလာနိုင်သည့် အ.မ.က (ရဲပြားကုန်း) ကျောင်းအား လတ်တလော ကျောင်းဆောင်နေရာ မပြောင်းရွှေ့နိုင်သေးမီ အဆိုပါကျောင်း၌ ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ သင်ကြား နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ယခုအ.လ.က (သဲဖြူကုန်း) ကျောင်းသို့ ယာယီပြောင်းရွှေ့ ပညာသင်ကြား စေခဲ့ပါကြောင်း၊ ထိုသို့ ပြောင်းရွှေ့ ပညာသင်ကြားရာလည်း ကျောင်းဆောင်နေရာ အဆင်ပြေစေရေး ယခုကျောင်းအတွင်း(၁၀၉.၂) သန်း တန်ဖိုးရှိ (၇၀- ၃၀)ပေ RC (၂)ထပ်ကျောင်းဆောင်သစ်ကို သင်ကြားရေး မထိခိုက်အောင် အလျင်အမြန်တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“ကျောင်းသားကျောင်းသူများ အ.လ.က(သဲဖြူကုန်း)ကျောင်းသို့ ယာယီပြောင်းရွှေ့ ပညာသင်ကြားရာတွင်လည်း အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ကျောင်းအကြို အပို့ယာဉ်ကိုလည်း ပြည်နယ်အစိုးရအဖွဲ့မှ စီစဉ်ပေးခဲ့ပါကြောင်း”  ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဆက်လက်ပြောကြားခဲ့သည်။  

ထို့ပြင် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့က သဲဖြူကုန်းကျေးရွာအုပ်စုရှိ အ.မ.က (ရဲပြားကုန်း) ကျောင်းတွင် ငွေကျပ် (၁၄၀.၄၀) သန်း တန်ဖိုးရှိ (၉၀- ၃၄)ပေ  RC (၂)ထပ် ကျောင်းဆောင် သစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မလတ်တောင် မြေပြိုဘေးအန္တရာယ်ခံစားခဲ့ရသော အိမ်ထောင်စု (၂၃) စု အတွက် တစ်ထပ်လုံးချင်း နေအိမ်များဆောက်လုပ်ပေးခြင်း၊ လမ်းများ ဖောက်လုပ် ပေးခြင်း၊ မီးရရှိရေး၊ ရေရရှိရေးဆောင်ရွက်ပေးခြင်းလုပ်ငန်းများအတွက် စုစုပေါင်းငွေကျပ် (၉၆၈,၁၈၁,၃၀၀)ကို ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေဖြင့် ဆောင်ရွက်ပေး လျက်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

ဝေလင်း(ပြန်/ဆက်)