၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အခမ်းအနားကျင်းပ


Ministry of Information/ ​နေပြည်တော် / May 20, 2019
image_latest


နေပြည်တော် မေ ၁၉

“ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၏ အနာဂတ်အရေး၊ ပြတိုက်များ က ဗဟိုပြု ဖော်ဆောင်ပေး” (Museum as Culture Hubs; The Future of Tradition) ဆိုသည့် ဆောင်ပုဒ်ဖြင့် ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ အခမ်းအနား ကို ယနေ့နံနက်ပိုင်း တွင် အမျိုးသားပြတိုက် (နေပြည်တော်) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သဘာ၀နှင့်ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရန်နှင့် ဒြပ်ရှိနှင့် ဒြပ်မဲ့ယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှု တိုးမြှင့်ဆောင် ရွက်ရန်အတွက် ကမ္ဘာပေါ်ရှိ ပြတိုက်များနှင့် ပြတိုက်ဝန်ထမ်းများ စုစည်း ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီ (International Council of Museums-ICOM) ကို ၁၉၄၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာပြတိုက် များကောင်စီသည် လူ့အဖွဲ့အစည်းဖွံ့ ဖြိုးတိုးတက်ရန်၊ ယဉ်ကျေးမှုများ အပြန်အလှန်ဖလှယ်ရန်၊ လူ့အဖွဲ့အစည်းအတွင်း အပြန်အလှန် ပိုမိုနားလည်စေရန်နှင့် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်မှု အရေးပါကြောင်း သတိပြုမိစေရန် ရည်ရွယ်ပြီး မေ ၁၈ ရက်ကို အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့ အဖြစ် သတ်မှတ်ပြီး အခမ်းအနားများ ကျင်းပလျက်ရှိသည်။
အခမ်းအနားတွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က အပြည်ပြည် ဆိုင်ရာပြတိုက်များ ကောင်စီသည် ရှေးဟောင်းပစ္စည်းတရားမဝင် ကူးသန်းရောင်းဝယ်မှုကို ဆန့်ကျင်တိုက်ဖျက် လာသည့်အပြင် ၂၀၀၂ ခုနှစ်တွင် သဘာ၀နှင့်လူသားများ၏ ဘေးအန္တရာယ်မှ ကာကွယ်တားဆီးရေး Museum Emergency Program (MEP) အစီအစဉ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ International Council of the Blue Shield (ICBS) နှင့်လည်း ပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယခုအခါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၄၁ နိုင်ငံ၊ အဖွဲ့ဝင် ပြတိုက်ပေါင်း ၁၇၀၀၀၊ ပြတိုက်ပညာရှင် အဖွဲ့ဝင် ၄၀၀၀၀၊ အမျိုးသားအဆင့် ကော်မတီ ၁၁၉ ခုနှင့် နိုင်ငံတကာ အဆင့်ကော်မတီ ၃၀ ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်တွင် အဖွဲ့ဝင် ဖြစ်လာပြီး အပြည်ပြည်ဆိုင်ရာ ပြတိုက်များကောင်စီက သတ်မှတ်ထားသည့် ပြတိုက်များဆိုင်ရာ ကျင့်ဝတ်များကို လိုက်နာဆောင်ရွက် လျက်ရှိပါကြောင်း။
ပြတိုက်များသည် အမွေအနှစ်ပစ္စည်း၊ ပြသပစ္စည်းများကို လူသား မျိုးနွယ် အကျိုးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက် ပေးရန် တာဝန်ရှိပြီး အကျိုးအမြတ်ရရှိရန်အတွက် တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများကို ရှောင်ရှားရမည်ဖြစ် ကြောင်း၊ ပြသပစ္စည်းစုဆောင်းရာတွင် ဥပဒေနှင့်အညီ စုဆောင်းရန် လိုအပ်ပါကြောင်း၊ စုဆောင်းပြီးပစ္စည်းများကိုလည်း စနစ်တကျ ထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ခင်းကျင်း ပြသမှုပုံစံကို အများပြည်သူအား ဆွဲဆောင်နိုင်စေရန် တီထွင်ကြံဆ ဆောင်ရွက် ရန်လိုအပ်ပါကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေး မှုအမွေအနှစ်များကို အနာဂတ်ကာလအထိ ရေရှည်တည်တံ့ စေရေး အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြတိုက်များက ကာကွယ်ထိန်းသိမ်းစောင့်ရှောက် ရန် မှာကြားလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းလွင်က အပြည်ပြည်ဆိုင်ရာပြတိုက်များနေ့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့အထိမ်းအမှတ် အဖြစ် စကားဝိုင်း ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ပွဲများကို British Council နှင့် ပူးပေါင်း၍ အမျိုးသားပြတိုက် (နေပြည်တော်) ၌ မေ ၁၉ မှ ၂၀ ရက်အထိ ကျင်းပသွားမည် ဖြစ် ကြောင်း သိရသည်။
အေးအေးသန့်