မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး (ငြိမ်းချမ်းမေတ္တာ)အဖွဲ့၏ ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း ဒုတိယနေ့ ဆက်လက်ကျင်းပ


Ministry of Information/ ​နေပြည်တော် / May 08, 2019
image_latest


နေပြည်တော် မေ ၈

မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး(ငြိမ်းချမ်းမေတ္တာ) အဖွဲ့၏ ဒုတိယအကြိမ် အကြံပြု ဆွေးနွေးဝိုင်း ဒုတိယနေ့ကို ယနေ့ နံနက် ၉နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ဆက်လက်ကျင်းပသည်။
အကြံပြုဆွေးနွေးဝိုင်း ဒုတိယနေ့တွင် ယမန်နေ့ကအစုအဖွဲ့များမှ ကဏ္ဍအလိုက် ဆွေးနွေးထားသည့် ပညာရေးကဏ္ဍ အကြံပြုချက်များနှင့်စပ်လျဉ်း၍ ရန်ကုန် ပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်အေးအေးမြင့်က လည်းကောင်း၊ လူမျိုးစုများနှင့် လူနည်းစုများအတွက် ညီမျှသော အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဒေါ်အန်ဂျလာသောင်း ကလည်းကောင်း၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ပါဝင်ဆောင်ရွက်မှု ကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဒေါ်စန်းစန်းမြင့်က လည်းကောင်း၊ လူငယ်များနှင့် ထိတွေ့ဆက်ဆံရေးနှင့် ကလေးသူငယ်များ ကာကွယ် စောင့်ရှောက်ရေးကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဆရာရှမွေလက လည်းကောင်း၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသ လက္ခဏာ၊ မတူကွဲပြားမှုနှင့် ဘုံစိန်ခေါ်မှုများကဏ္ဍ အကြံပြုချက်များနှင့် စပ်လျဉ်း၍ ငြိမ်းချမ်း မေတ္တာ အဖွဲ့Core Member ဦးအေးလွင်က လည်းကောင်း ပြန်လည်ဆွေးနွေးကြပြီး တက်ရောက် လာကြသူများ၏ ဆွေးနွေး မေးမြန်းချက်များကို ပြန်လည် ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ဂျပန်န်ိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ Co-Moderator Rev. Kosho Niwano ၊ အင်ဒိုနီးရှားနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးအဖွဲ့Moderator Prof. Dr .Din Syamsuddin တို့က အကြံပြုဆွေးနွေးဝိုင်းမှ ဆွေးနွေးချက်များအပေါ် ၎င်းတို့၏ အမြင်များအားဆွေးနွေးကြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ထွန်းကားရန်အတွက် ဒုတိယအကြိမ် ဘာသာပေါင်းစုံဆွေးနွေးပွဲမှ အစုအဖွဲ့အလိုက် ဆွေးနွေးမှုများ၏ ရလဒ်များအား လက်တွေ့အကောင်အထည် ဖော်မှုများကို စဉ်ဆက်မပြတ် သတ်မှတ်အချိန်အတိုင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက ကာဒီနယ်ချားလ်ဘို၊ ငြိမ်းချမ်း မေတ္တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဘီရှော့ဂွန်နာစတော့ဆက်တို့က နိဂုံးချုပ် အမှာစကားပြောကြားကြပြီး ဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်းအောင်မြင်စွာ ကျင်းပပြီးစီးသည်။
ယခုဒုတိယအကြိမ် အကြံပြုဆွေးနွေးဝိုင်း၌ ပညာရေးကဏ္ဍတွင် အကြံပြုချက် (၅)ချက်၊ လူမျိုးစုများနှင့် လူနည်းစုများ အတွက် ညီမျှသောအခွင့်အရေးများနှင့် တာဝန်ဝတ္တရားများ ကဏ္ဍအကြံပြုချက်(၅)ချက်၊ အမျိုးသမီးများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် ပါဝင်ဆောင်ရွက်မှုကဏ္ဍ အကြံပြုချက် (၁၁)ချက်၊ လူငယ်များနှင့်ထိတွေ့ ဆက်ဆံရေးနှင့် ကလေးသူငယ် များ ကာကွယ်စောင့်ရှောက်ရေးကဏ္ဍ အကြံပြုချက် (၇)ချက်၊ ရခိုင်ပြည်နယ်ရှိ ကိုယ်ပိုင်ဝိသေသလက္ခဏာ၊ မတူကွဲပြားမှုနှင့် ဘုံစိန် ခေါ်မှုများကဏ္ဍ အကြံပြုချက် (၇)ချက်ရရှိခဲ့ပြီး ယင်းအကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများထံ ပေးပို့သွားမည်ဖြစ်ကြောင်းသိရသည်။
ဆွေးနွေးဝိုင်း ဒုတိယနေ့သို့ ပြင်ဦးလွင်မြို့ အာရှအလင်းရောင်ကျောင်းတိုက် ဆရာတော် ဦးစိန္တိတနှင့် ဆရာတော်များ ကြွရောက်တော်မူကြပြီး၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းမေတ္တာအဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ ငြိမ်းချမ်းမေတ္တာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များ ငြိမ်းချမ်းမေတ္တာအဖွဲ့ဘာသာပေါင်းစုံ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

(သတင်းစဉ်)