ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်း အစည်းအဝေး ကျင်းပ


Amyotha Hluttaw/ နေပြည်တော် / May 01, 2019


ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို (၂၉.၄.၂၀၁၉)ရက်နေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာကော်မတီဆောင် (I- 20)၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီ၏ ပထမအကြိမ် ခရီးစဉ်တွင် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့၌ ရခိုင်တိုင်းရင်းသား လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ဖြေလျော့နိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ယင်းဆွေးနွေးချက်များတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ဖြေလျော့နိုင်ရေးနှင့် ပတ်သက်၍ အထောက်အကူပြုနိုင်မည့် အကြံပြုချက်များ၊ တင်ပြချက်များ ကို တွေ့ရပါကြောင်း၊ ကော်မတီအနေဖြင့် စစ်တွေမြို့တွင် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်းများ ၊ နိုင်ငံရေး ပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး သံဃတော်များထံမှ သြဝါဒခံယူခဲ့ပါကြောင်း။

တွေ့ဆုံမှုများမှ ရရှိလာသည့် အကြံပြုချက်၊ တင်ပြချက်များ သည် ကော်မတီအတွက် သော်လည်းကောင်း၊ နိုင်ငံတော် အစိုးရအတွက်သော် လည်းကောင်း များစွာအကျိုးရှိသည့် အချက်များပါဝင်သည်ကို တွေ့ရပါကြောင်း၊ ဒုတိယအကြိမ် ခရီးစဉ်သွားရောက်သည့် အခါတွင် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ယခုတက်ရောက် လာကြသူများ အနေဖြင့် ပထမအကြိမ် ခရီးစဉ်နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ်ကြ သည့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်

ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်တွင်ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသွားရေး၊ လတ်တလောလိုအပ်ချက်နှင့် မိုးမကျမီ ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ လက်ရှိ ရခိုင်ပြည်အခြေအနေနှင့်အကြိမ်ကြိမ်ကွင်းဆင်းလေ့လာ ဆောင်ရွက်ရေး၊ တွေ့ဆုံသင့် သူများတွေ့ဆုံဆွေးနွေးရေး၊ ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည့်အချက်များ နည်းလမ်းရှာကြံရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။