ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့နယ်အတွင်း အလှမ်းဝေးသောကျေးရွာများ ဖွံ့ဖြိုးမှုနောက်မကျစေရေးအတွက် ပြည်သူများနှင့်တွေ့ဆုံ


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / May 06, 2019


ဘားအံ - မေ(၄)
 ကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါလျက် မေလ(၄)ရက်နေ့၊ နံနက်ပိုင်းက ဘားအံမြို့နှင့်အလှမ်းဝေးကွာလျှက်ရှိသော မင်းစောကျေးရွာနှင့် ပျဉ်းမပင်ဆိပ်ကျေးရွာတို့တွင် လိုအပ်လျှက်ရှိသော ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
 ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဦးစွာ မင်းစောကျေးရွာရှိ တိုင်းရင်းသားပြည်သူများနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် တွေ့ဆုံရာ ငြိမ်းချမ်းလာခဲ့ပြီး ဒေသအတွင်း ဖွံ့ဖြိုးစေရေးအတွက် လမ်းပန်းဆက်သွယ်ရေးအစရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်အတွက် အသက်မွေးပညာများကို သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးနေလျှက်ရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသအတွင်း ဖွံ့ဖြိုးရေးအတွက် လိုအပ်သည်များကို တောင်းဆိုပြောကြားပေးရန်နှင့် တောင်းဆိုမှုအပေါ် ဦးစားပေး ဆောင်ရွက်ပေးနိုင်မည့် အချက်များကို ညှိနှိုင်းပေါင်းစပ်ကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။ ကျေးရွာနေပြည်သူများမှ အခြားဒေသဖွံ့ဖြိုးရေးများတင်ပြသည့်အပြင် လမ်းပန်းဆက်သွယ်ရေးတွင် အဆိုပါဒေသအတွက် လိုအပ်လျှက်ရှိသည့် နွေ၊ မိုး၊ ဆောင်း အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေး တံတားတစ်စင်း အကောင်အထည်ဖော်ကူညီဆောင်ရွက်ပေးနိုင်ရေး တင်ပြတောင်းဆိုကြသည်။
 ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါတောင်းဆိုသော မွန်ပြည်နယ်၊ သထုံခရိုင်သို့ ဆက်သွယ်သွားလာနိုင်သော လမ်းပေါ်ရှိ တံတားတည်ဆောက်နိုင်မှုအခြေအနေကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး၊ ဒေသခံတာဝန်ရှိသူများနှင့်ညှိနှိုင်းကာ လိုအပ်ချက်များကို ဆောင်ရွက်ပေးနိုင်းရေး နယ်မြေကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
 ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပျဉ်းမပင်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် NRCတို့ ပူးပေါင်းကာ အခမဲ့ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်ပေးသည့်အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား(၆၀၀)ကျော် ဆောင်ရွက်ပေးမည်ဖြစ်ရာ ပြီးစီးခဲ့သည် (၄၀၀)ဦးအတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက တိုင်းရင်းသားပြည်သူများ၏ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
 ဆက်လက်၍ ပြည်နယ်/ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ဦးဆောင်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအား တက်ရောက်လာကြသည့် ကျေးရွာပြည်သူများ၏ ဆန္ဒအရ ရွေးချယ်ပေးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာ (၂)ရွာအတွက် လက်ဆွဲဆိုလာမီးအိမ်များ၊ ဆက်စပ်ပစ္စည်းအစုံပါဝင်သည့် ဆိုလာပြားများနှင့် မိသားစုဝင်ကျောင်းသား/ ကျောင်းသူများအတွက် ဗလာစာအုပ်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။