ရခိုင်ရိုးရာ အမွှေးနံ့သာရည်ဖြင့် ဘုရားရေသပ္ပါယ်ပွဲ ရန်ကုန်မြို့ရှိ ရခိုင် ဓမ္မာရုံတွင် ကျင်းပ


Ministry of Information/ ရန်ကုန် / April 14, 2019
image_latest


ရန်ကုန် ဧပြီ ၁၃

ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဌာနက ကြီးမှူး၍ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)၊  ရခိုင်မြို့နယ်အသင်းများနှင့် ရခိုင်လူမှုရေး အသင်းအဖွဲ့များက ပူးပေါင်းကျင်းပသည့် (၁၆)ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှု သင်္ကြန်ပွဲတော် ဘုရားရေသပ္ပါယ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အာဇာနည်လမ်းရှိ ရခိုင်ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အခမ်းအနားကို စန္ဒြားမဏ္ဍိုင် စည်တော်တီးအဖွဲဲ႕က ရခိုင်စည်တော်မင်္ဂလာတီးခတ်၍ ဖွင့်လှစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က အဖွင့်အမှာစကားပြောကြားပြီး ပွဲတော်ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။
ရေသပ္ပာယ်
ဦးဇော်အေးမောင်က “ တိုင်းရင်းသားတော်တော်များများက ရန်ကုန်တိုင်း ဒေသကြီး မှာ အခြေချလာရောက်နေထိုင်ကြပါတယ်။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသား များရဲ့ ဘုရားရေသပ္ပာယ်ပွဲကို လာရောက်အားပေးကြတဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများကို အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အဓိက အခြေခံမူထဲမှာပါတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပြည်ထောင်စုတည်တံ့ ခိုင်မြဲရေးကို လက်တွေ့ဖော်ဆောင်ရမှာဖြစ်ပါတယ်။ အခုလို တစ်ယောက်ယဉ်ကျေးမှုကို တစ်ယောက် အပြန်အလှန်လေ့လာမှ ယုံကြည်မှုဖြစ်လာမှာဖြစ်ပါတယ်။ ယုံကြည်မှု နောက်မှာတန်ဖိုးထားမှုရှိလာပြီး ချစ်ခင်လေးစားမှုပါလာမှာ ဖြစ်ပါတယ်။ ချစ်ခင်လေးစား မှုနောက်မှာမှ ငြိမ်းချမ်းမှုပေါ်လာမှာ ဖြစ်ပါတယ်။ ယခုပွဲလေးက အုပ်တစ်ချပ်၊ သဲတစ်ပွင့် ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်” ဟုပြောသည်။
ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)၊  ရခိုင်မြို့နယ်အသင်းများနှင့် ရခိုင်လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက အမွှေးနံ့သာရည်ဖြင့် ဘုရားများအား ရေသပ္ပာယ်ကြသည်။
နံ့သာရည်တွေနဲ့ဆုတောင်း
ရခိုင်တိုင်းရင်းသားများ၏ ဘုရားရေသပ္ပာယ်ပွဲသို့  မွန်၊ ပအိုဝ်း၊ ကရင်၊ ချင်း၊ ထားဝယ်နှင့် ကချင်တိုင်းရင်းသားများလာရောက်၍ ဘုရားရှင်အား ဝိုင်းဝန်း၍ ရေသပ္ပာယ်ခဲ့ကြသည်။
ရခိုင်စာပေယဉ်ကျေးမှုအဖွဲ့ (ဥက္ကဋ္ဌ) ဒေါ်စောခင်တင့်က  “ဒီနေ့လိုမျိုးမှာ ကျွန်မတို့ ရခိုင်အပါအဝင် မြန်မာနိုင်ငံတစ်ခုလုံး စိတ်အေးချမ်းပျော်ရွှင်အောင် ဘေးရန် ခပ်သိမ်းကင်းဝေးအောင်၊ တည်ငြိမ်အေးချမ်းမှုရအောင် အကုန်လုံး တိုင်းရင်းသား ပေါင်းစုံကလာပြီးတော့ နံ့သာရည်တွေနဲ့ ဆုတောင်းပေးကြပါ။ ရခိုင်သူ၊ ရခိုင်သား အားလုံးအတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးကြပါ။ ကိုယ့်မြန်မာပြည်ကြီးရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဘေးရန်ခပ်သိမ်းကင်းဖို့အတွက် မဟာမြတ်မုနိဘုရားမှာ ရေစင်သွန်းလောင်းပြီး ဆုတောင်းပေးကြပါ။ တိုင်းရင်းသားအကုန်လုံး ဆုတောင်း ပေးကြပါ။ မနေ့က နံ့သာသွေးပွဲမှာဆို ရခိုင်တိုင်းရင်းသားထဲမှာပါတဲ့ သက် မျိုးနွယ်စုနဲ့ နောက် မွန်တိုင်းရင်းသားတွေက နံ့သာလာသွေးပေးကြပါတယ်” ဟုပြောသည်။
ရခိုင်တိုင်းရင်းသားများ၏ ဘုရားရေသပ္ပာယ်ပွဲအခမ်းအနားကို ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်က နိဂုံးချုပ်စကားပြောကြားပြီး ရခိုင်စည်တော် မင်္ဂလာတီးခတ်၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

၂၀၁၄ ခုနှစ်က ကျင်းပခဲ့ခြင်းဖြစ်
ရခိုင် ဘုရားရေသပ္ပါယ်ပွဲအတွက် ဘုရားများအား ရေသပ္ပာယ်သည့် အဆိုပါ အမွှေးနံ့သာရည်ကို သင်္ကြန်အကြိုမတိုင်မီ ဧပြီ ၁၂ ရက်က ရခိုင်ဓမ္မာရုံ၌ ကျင်းပသည့် ရခိုင်ရိုးရာနံ့သာသွေးပြိုင်ပွဲမှ ရရှိသည့် နံ့သာရည်များဖြင့် ဘုရားများအား ရေသပ္ပာယ် ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရခိုင်ရိုးရာယဉ်ကျေးမှုသင်္ကြန်၊ နံ့သာသွေးပွဲနှင့် ဘုရားရေသပ္ပာယ်ပွဲကို ၂၀၀၄ ကကျင်းပခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သူ ရခိုင်တိုင်းရင်းသား သုံးသိန်းခန့်ရှိကြောင်း ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇော်အေးမောင် ထံမှ သိရသည်။
ရခိုင်ရိုးရာဘုရားရေသပ္ပာယ်ပွဲသည် ဘီစီ ၅၆၈ ခု၊  ရခိုင်ပြည်၊ ဓညဝတီမင်း စန္ဒသူရိယမင်းလက်ထက်တွင် ဘုရားရှင်ကြွလာရာ ဘုရားရှင်ကိုယ်စား ရင်ငွေ့ခိုလှုံ၍ သွန်းလောင်းထုဆစ်ထားသော ဘုရားရုပ်ပွားတော်ကို မင်းနှင့်ပြည်သူများ အမွှေးနံ့သာ များပက်ဖြန်း၍ ပူဇော်ခဲ့သည်ကို အစပြု၍ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း-ရဲခေါင်၊မင်းသစ်
ဓာတ်ပုံ-ဇော်မင်းလတ်၊ ရဲထွဋ်