(၁၉) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကျင်းပ


Ministry of Information/ ကယား / April 10, 2019
image_latest


နေပြည်တော် ဧပြီ ၁၀

(၁၉) ကြိမ်မြောက် ကယန်းအမျိုးသားနေ့အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကယားပြည်နယ်၊ ဒီးမော့ဆို့မြို့နယ်၌ ကျင်းပသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံနှင့် ကယန်းအမျိုးသား အလံတို့ကို အလေးပြုကြပြီး(၁၉) ကြိမ်မြောက် ကယန်း အမျိုးသားနေ့ ဖြစ်မြောက်ရေးဦးစီးကော်မတီဥက္ကဋ္ဌ ခွန်းဖရန်စစ္စကို က အဖွင့်အမှာ စကားပြောကြားသည်။

ယင်းနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က ကယန်းအမျိုးသား တစ်ရပ် လုံး၏ ကယန်းအမျိုးသားနေ့ကို ၂၀၀၁ ခုနှစ်မှ စတင်၍ ကျင်းပ ခဲ့သည်ဟု သိရှိရပါကြောင်း၊ အမျိုးသားနေ့ အခမ်းအနားကို စည်စည်ကားကား ကျင်းပနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုကို ကြည့်ခြင်းအားဖြင့် ကယန်းလူမျိုးများ၏ မျိုးချစ်စိတ်ဓါတ် ခိုင်မာမှုနှင့် စည်းလုံးညီညွတ်မှု စွမ်းပကားကို အသိအမှတ်ပြုပါကြောင်း၊ ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများသည် မိမိတို့၏ ဘာသာ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ ဓလေ့ထုံးတမ်းများကို မပျောက်ပျက် စေရန် ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိပါကြောင်း၊ လူနည်းစုဖြစ်သော တိုင်းရင်းသားများ၏ စာပေများ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အမွေအနှစ်များ မပပျောက်စေရန် နှင့် တိုင်းရင်းသား များ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာ၊ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ အလုပ်အကိုင်ရပိုင်ခွင့်၊ စီးပွားရေးလုပ်ငန်း များတွင်လည်း တန်းတူညီမျှသော အခွင့်အရေးများရရှိစေရန် နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ထည့်သွင်းပြ ဋ္ဌာန်းပေးခဲ့ပါကြောင်း၊ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကလည်း တိုင်းရင်းသားများအခွင့်အရေး နစ်နာဆုံးရှုံးမှုမရှိ စေရန်အတွက် တိုင်းရင်းသားများအားလုံး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့်အရေးများကို အပြည့်အဝ ရရှိစေရန် တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ အလေးထား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ယခုအချိန်တွင် မိမိတို့ပြည်ထောင်စုသားအားလုံးသည် တစ်မြေတည်းနေ၊ တစ်ရေ တည်းသောက်၊ တစ်ခရီးတည်းသွား အေးအတူပူအမျှနေထိုင်သွားရမည့် လူမျိုးများ ဖြစ်သည်ကို သက်သေပြရမည် ဖြစ်ပါကြောင်း၊ စည်းလုံးညီညွတ်ခြင်းသည် မိမိတို့၏ အဓိကအင်အားများဖြစ်စေပြီး မတူကွဲပြားမှုများ ရှိသော်လည်းအင်အားများသည့် အခြေခံ တစ်ခုဖြစ်၍ လစ်လျူ ရှုခြင်းမပြုရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ နိုင်ငံအဝှမ်းဒေသ အနှံ့အပြား တွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုပွဲတော်၊ အခမ်းအနားများကိုလည်း လွတ်လွတ် လပ်လပ်ကျင်းပခွင့်ပေးခဲ့ပြီး နိုင်ငံတော်မှကူညီထောက်ပံ့မှုများ ပြုလုပ်ပေးနေခြင်း သည် ထိုပွဲတော်၊ အခမ်းအနားမှတစ်ဆင့် မိမိတို့၏မျိုးနွယ်စုများ တစ်စုတစ်စည်း တည်းတွေ့ဆုံ ခွင့်ရရှိစေခြင်း၊ မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကိုလည်း အခြားတိုင်းရင်းသားများ သိရှိစေရန် ဖော်ထုတ်ချပြခွင့်ရရှိစေခြင်းအားဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည် ရင်းနှီးမှုကို ဖော်ဆောင်ပေးနေခြင်းပင်ဖြစ်ပါကြောင်း၊ ထိုအခွင့်အရေးကို ကယန်း တိုင်းရင်းသားများအနေဖြင့် မိမိရရဆုပ်ကိုင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အခါတွင် ကယန်း တိုင်းရင်းသားများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်ထောင်စုကြီးကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ပြောင်းလဲဖြစ်ပေါ်စေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ အပြောင်းအလဲတိုင်းသည် အချိန်ကာလတစ်ခု လိုအပ်စမြဲ ဖြစ်သည့်အတွက် မိမိတို့အားလုံးသည် သံသယကင်းသည့် အကြွင်းမဲ့ယုံကြည်မှု၊ ခိုင်မာ သည့်စည်းလုံးမှု၊ ပြတ်သားသည့် သန္နိဋ္ဌာန်စိတ်ရှိမှုတို့နှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အားပေးအမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်ဝန်ကြီး ချုပ်၏ ကိုယ်စားလှယ်တစ်ဦးနှင့် ရှမ်းပြည်နယ် ကယန်း တိုင်းရင်းသားဝန်ကြီး ခွန်းအေးမောင်တို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး ကယန်းအမျိုးသားညီညွတ်ရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ခွန်းရှမူအေးလာ က နိဂုံးချုပ်အမှာစကား ပြောကြားကာ သဘာပတိမှ ကျေးဇူးတင်စကား ပြောကြားသည်။

အခမ်းအနားအပြီးတွင် စုပေါင်း မှတ်တမ်းတင်ဓါတ်ပုံများရိုက်ကြပြီး ကယန်းရိုးရာ ဘုံအကဖြင့် ကပြ ဖျော်ဖြေခဲ့ကြ ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)