နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နီပေါဖက်ဒရယ် ဒီမိုကရက်တစ်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ်ဆိုင်ရာနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 06, 2018

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် နီပေါ ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် H.E.Mr. K.P.Sharma Oli ၏ ဖိတ်ကြားချက်အရ ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက် နေ့အထိ နီပေါနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး ခရီးစဉ်နှင့်တစ်ဆက်တည်း ကတ္တမန္ဒူးမြို့၌ ကျင်းပသည့် “''အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂ဝ၁၈''” သို့ တက်ရောက်ခဲ့သည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့်အတူ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသူ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လိုက်ပါသွားခဲ့သည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ အထူး လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ ကတ္တမန္ဒူးမြို့ Tribhuvan အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ၁၁ နာရီ တွင် ရောက်ရှိခဲ့သည်။ Tribhuvan လေဆိပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နီပေါနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး မစ္စတာ အစ်ရှ်ဝါပိုကာရယ်၊ နီပေါနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး Mr. Bhim K. Udas နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နီပေါ နိုင်ငံ၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ ကြသည်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် လေဆိပ်တွင် ဂုဏ်ပြုတပ်ဖွဲ့ ၏ အလေးပြုခြင်းကို ခံယူခဲ့သည်။
 
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာကိုယ်စားလှယ် အဖွဲ့နှင့်အတူ ကတ္တမန္ဒူးမြို့ရှိ Bhrikuti Mandap Exhibition Hall တွင် ကျင်းပပြုလုပ်သော နီပေါကုန်စည်ပြပွဲ ၂ဝ၁၈ (Nepal Chamber Expo 2018) ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့သည်။ ပြပွဲအား နီပေါနိုင်ငံကုန်သည် ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ကြီးမှူး ကျင်းပခဲ့ပြီး မြန်မာနိုင်ငံအပြင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ပါကစ္စတန်နိုင်ငံတို့မှလည်း ပါဝင်ပြသခဲ့ကြ ပြီး ယခုနှစ်ပြပွဲတွင် မြန်မာနိုင်ငံအား မိတ်ဖက်နိုင်ငံအဖြစ် သတ်မှတ်ကျင်းပခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ကုန်စည်ပြပွဲတွင် အဖွင့်အမှာစကားပြောကြားခဲ့ကာ ပြပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါ ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့မှ ပြခန်း ၂ဝ ခန်း ပါဝင်ပြသခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြခန်း အပါအဝင် ပြခန်းများသို့ လှည့်လည်ကြည့်ရှုခဲ့သည်။
 
ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် ကတ္တမန္ဒူးမြို့ရှိ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်းနှင့် ဇနီးတို့က နေအိမ်တွင် တည်ခင်း ဧည့်ခံသည့် ညစာ စားပွဲသို့ တက်ရောက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က သံအမတ်ကြီး၊ သံရုံးဝန် ထမ်းများ၊ မိသားစု ဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှာစကားပြောကြားခဲ့သည်။
 
၂ဝ၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နီပေါနိုင်ငံ သမ္မတ မစ္စစ် ဘီဒီယာ ဒေဗီ ဘန်ဒါရီအား သမ္မတအိမ်တော်တွင် တွေ့ဆုံ ခဲ့သည်။ ထိုသို့တွေ့ဆုံရာ တွင် မြန်မာ-နီပေါ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု များတိုးမြှင့်ရေး၊ ကုန်သွယ်ရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အပါအဝင် နှစ်ဖက်အကျိုးတူ လက်တွဲ ဆောင်ရွက်နိုင်မည့် ကဏ္ဍများတွင် တိုးမြှင့်သွားရေးတို့နှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့ကြသည်။
 
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် နံနက် ၁၁း၃ဝ နာရီတွင် နီပေါဝန်ကြီးချုပ် ကေ၊ ပီ၊ ရှာမာ အိုလီ အား ဟိုတယ် Annapurna တွင် သွားရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကို ကျင်းပခဲ့ သည်။ ဆွေးနွေးပွဲ၌ နှစ်နိုင်ငံ ခေါင်းဆောင်များအကြား အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ အပြန်အလှန်သွားရောက်နိုင်ရေး၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွေ့အကြုံများ ဖလှယ် ရေး၊ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ကမ႓ာလှည့် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် နီပေါနိုင်ငံ ခရီးသွားလာရေးနှစ်တွင် ဘုရားဖူးခရီးစဉ်များ မြှင့်တင်ရေးအတွက် တိုက်ရိုက်လေကြောင်းပျံသန်းမှု စတင်သွားနိုင်ရေး ကိစ္စရပ်များအပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်သွားရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာတွင် မိတ်ဖက်နိုင်ငံများအဖြစ် အပြန်အလှန်လက်တွဲ ဆောင်ရွက်သွားရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ နီပေါဝန်ကြီး ချုပ်အနေဖြင့် နှစ်ဖက် အဆင်ပြေမည့်အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေး ဖိတ်ကြားခဲ့သည်။
 
နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါဝန်ကြီးချုပ် ကေ၊ ပီ၊ ရှာမာ အိုလီ တို့သည် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအား အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင်နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီး Mr. Pradeep Kumar Gyawali တို့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နီပေါ ဝန်ကြီးချုပ်တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါ စာချွန်လွှာအရ မြန်မာနှင့် နီပေါနိုင်ငံတို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှု များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ကြရန်နှင့် ခရီးသွားလုပ်ငန်းမြှင့် တင်ရေး၊ စိုက်ပျိုးရေးခရီးသွား လုပ်ငန်းကဏ္ဍ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍ၊ ပို့ဆောင်ရေး နှင့် ကုန်သွယ်ရေးကဏ္ဍ စသည့်အလားအလာကောင်းသည့် ကဏ္ဍများတွင် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ဆောင်ရွက်သွားကြရန် သဘောတူခဲ့ ကြသည်။ ထို့အပြင် နှစ်နိုင်ငံ အကြား အတွင်းဝန်အဆင့်တွင် ပူးတွဲဆွေးနွေးမှုယန္တရားတစ်ရပ် တည်ထောင်ရန် သဘောတူခဲ့သည်။
 
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဆိုပါ ဟိုတယ်၌ နီပေါနိုင်ငံ ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော ဂုဏ်ပြုနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး ဆုတောင်း မိန့်ခွန်းများ အပြန်အလှန် ပြောကြားခဲ့ကြသည်။
 
ယင်းနေ့ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် နီပေါနိုင်ငံ ဝန်ကြီးချုပ်ဟောင်းနှင့် National Congress Party ဥက္ကဋ္ဌ Mr. Sher Bahadur Deuba အား Soaltee Crowne Plaza ဟိုတယ်တွင် လက်ခံ တွေ့ဆုံခဲ့သည်။
 
ထို့နောက် ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး ၂ဝ၁၈ သို့ တက်ရောက်လာကြသော ပြည်ပနိုင်ငံများမှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲ များအား Soaltee Crowne Plaza ဟိုတယ်၌ တည်ခင်း ဧည့်ခံသော ကြိုဆိုဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ကတ္တမန္ဒူးမြို့ Hyatt Regency Kathmandu ဟိုတယ်၌ ကျင်းပသည့် အာရှ-ပစိဖိတ် ထိပ်သီး အစည်းအဝေး ၂ဝ၁၈ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းထိပ်သီးအစည်းအဝေးအား ''အပြန်အလှန် မှီခိုမှု၊ အကျိုးတူ သာယာဝပြောမှုနှင့် ကမ္ဘာလုံး ဆိုင်ရာစံနှုန်းများကို အလေးထားပြီး မျက်မှောက်ကာလတွင် ရင်ဆိုင်ကြုံတွေ့နေကြရသည့် စိန်ခေါ်မှုများအား ရင်ဆိုင် ဖြေရှင်းရေး'' ခေါင်းစဉ်ဖြင့် နီပေါ နိုင်ငံအစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်း (Universal Peace Federation-UPF) တို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး အစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် မစ္စတာ ဆမ်ဒက်ဟွန်ဆန်၊ ဖိလစ်ပိုင်နိုင်ငံ ဒုတိယသမ္မတ မစ္စ မာရီယာ လီယိုနာ၊ ဂျီ၊ ရိုဘရီဒိုတို့ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံပေါင်း ၄၅ နိုင်ငံတို့မှ အကြီး အကဲများ၊ အကြီးအကဲဟောင်းများ၊ လွှတ်တော်ဥက္ကဋ္ဌ များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဘာသာရေးအသင်းအဖွဲ့ များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၅ဝဝ ကျော် ပါဝင် တက်ရောက်ခဲ့ကြသည်။
 
ယင်းနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သည် မြန်မာ-နီပေါ ချစ်ကြည်ရေးအသင်းမှ ဥက္ကဋ္ဌ မစ္စတာ ရှန်ကာဂီမီရီနှင့် အဖွဲ့ဝင်များအား Soaltee Crowne Plaza ဟိုတယ်တွင် လက်ခံတွေ့ ဆုံခဲ့သည်။ ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အဖွဲ့သည် ကတ္တမန္ဒူးမြို့ရှိ ဓမ္မကရီသီး သီလရှင်ကျောင်းတိုက်သို့ သွားရောက်၍ သီလရှင် ဆရာကြီး ဒေါ်ဓမ္မဝတီအားဂါရဝပြု ဖူးမြော်ကန် တော့ခဲ့ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
 
ထို့နောက် ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အာရှ-ပစိဖိတ်ထိပ်သီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် နိုင်ငံ့ခေါင်းဆောင်များ၊ လွှတ်တော်ဥက္ကဋ္ဌများအား နီပေါနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ကေ၊ ပီ၊ ရှာမာ အိုလီ Soaltee Crowne Plaza ဟိုတယ်တွင် တည်ခင်း ဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။
 
၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ ၁၁း၁၅ နာရီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ကတ္တမန္ဒူးမြို့ Tribhuvan အပြည် ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာခဲ့သည်။ လေဆိပ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား နီပေါနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး မစ္စတာ အစ်ရှ်ဝါပို ကာရယ်၊ နီပေါနိုင်ငံ ဆိုင်ရာ မြန်မာသံအမတ်ကြီး သီရိပျံချီ ဦးထွန်းနေလင်း၊ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီ းMr. Bhim K. Udas နှင့် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် နီပေါ နိုင်ငံ၊ မြန်မာသံရုံးမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ ကြသည်။
 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဒေသစံတော်ချိန် ၁၄း၃ဝ နာရီအချိန်တွင် ပြန်လည်ရောက်ရှိ ကြသည်။ 
အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေးအား နီပေါနိုင်ငံ အစိုးရနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးဖက်ဒရေးရှင်းတို့ ပူးပေါင်းကာ ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့မှ ဒီဇင်ဘာလ ၂ ရက်နေ့ အထိ နီပေါနိုင်ငံ၊ ကတ္တမန္ဒူး မြို့တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်မှုရရှိရေးအတွက် ဆင်းရဲနွမ်းပါးမှု၊ အကြမ်းဖက်မှု၊ ရာသီဥတုပြောင်းလဲမှု၊ စားနပ်ရိက္ခာ ရှားပါးမှု၊ နေရပ်စွန့်ခွာမှု၊ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးမှုအပါအဝင် ကမ္ဘာပေါ်ရှိ နိုင်ငံများ အားလုံး ရင်ဆိုင်ကြုံတွေ့နေကြရသည့် စိန်ခေါ်မှု များအား ကမ္ဘာ့နိုင်ငံများ၊ ပြည်သူများအကြား မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်လျက် ဖြေရှင်းကြရန် ရည်မှန်းချက်ဖြင့် ကျင်းပခြင်းဖြစ်သည်။
 
အာရှ-ပစိဖိတ်ထိပ်သီးအစည်းအဝေးအပြီးတွင် ကတ္တမန္ဒူး ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာ အဆိုပါ ကြေညာချက်တွင် ငြိမ်းချမ်း၍ မျှတမှုရှိပြီး အားလုံးပါဝင်နိုင်သည့် ကမ္ဘာ့ဖြစ်စဉ် တစ်ရပ် ပေါ်ထွက်လာ စေရေးနှင့် ပဋိပက္ခများကို ဖြေရှင်းရာတွင် သည်းခံမှု၊ အပြန်အလှန်နားလည်မှု၊ နေရာပေးမှုနှင့်တွေ့ဆုံ ညှိနှိုင်းမှုနည်းလမ်းများဖြင့် ကိုင်တွယ်ဆောင်ရွက်သွားကြရန် ဖော်ပြခဲ့သည်။
 
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂ဝ၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်။