မြန်မာနိုင်ငံ အခြေအနေ ခေါင်းစဉ်ဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တံခါးဖွင့် ရှင်းလင်းပွဲကျင်းပ


Ministry of Foreign Affairs/ Nay Pyi Taw / March 01, 2019


(၁-၃-၂၀၁၉ ရက်၊ နယူးယောက်မြို့)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၉)နိုင်ငံဖြစ်သော ဘယ်လ်ဂျီယံ၊ ဒိုမီနီကန် ရီပတ်ဘလစ်၊ ပြင်သစ်၊ ဂျာမနီ၊ ကူဝိတ်၊ ပီရူး၊ ပိုလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံတို့၏ တောင်းဆိုချက်အရ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ အီကွေတိုရီယယ် ဂီနီနိုင်ငံက မြန်မာနိုင်ငံအခြေအနေ ခေါင်းစဉ်ဖြင့် တံခါးဖွင့် ရှင်းလင်းပွဲတစ်ရပ်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ္စတင်းရှာရတ်နာဘာဂင်နာ တက်ရောက်လျက် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂ လုံခြုံရေးကောင်စီခန်းမ၌ ကျင်းပခဲ့သည်။ ယင်းအစည်းအဝေးတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မိန့်ခွန်း ပါဝင်ပြောကြားခဲ့သည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ပြောကြားသည့် မိန့်ခွန်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

သဘာပတိကြီးခင်ဗျား၊

မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စကို ဖြေရှင်းလိုသည့် ဆန္ဒကို ဖော်ပြသည့်အနေဖြင့် အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခန့်အပ်သည့်ကိစ္စကို သဘောတူညီခဲ့ပြီး၊ ၎င်း၏ တာဝန်များ ထမ်းဆောင်နိုင်ရန်အတွက်လည်း လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြောင်း၊ ၎င်းအနေဖြင့် ဓမ္မဓိဌာန်ကျပြီး၊ ဘက်လိုက်မှုကင်းစွာ တာဝန်ထမ်းဆောင်ရာတွင် မဆုတ်မနစ် ကြိုးပမ်းမှုနှင့် အလေးထားဆောင်ရွက်မှုတို့အတွက် ကျေးဇူးတင်ရှိကြောင်း၊ အထူးကိုယ်စားလှယ်အနေဖြင့် စတင်တာဝန်ယူပြီးချိန်မှစ၍ ပြီးခဲ့သည့် (၉)လအတွင်း မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် (၅)ခု သွားရောက်ခဲ့ကြောင်း၊ နေပြည်တော်ရှိ ၎င်း၏ ရုံးသည် အပြည့်အဝ လည်ပတ်နေပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အရေးကိစ္စများ၊ အထူးသဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို ဖြေရှင်းရာတွင် မိမိတို့အနေဖြင့် ၎င်းနှင့်နီးကပ်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊

သဘာပတိကြီးခင်ဗျား၊

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသည် နိုင်ငံတော်တာဝန်များကို စတင်ထမ်းဆောင်ချိန်မှစ၍ ရခိုင်ပြည်နယ်၏ ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ခဲ့ကြောင်း၊ အာဆာအဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူသားချင်းစာနာမှု ပဋိပက္ခများ မဖြစ်ပေါ်မီကပင် မြန်မာအစိုးရအနေဖြင့် ဒေါက်တာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ကိုယ်ပိုင်ဆန္ဒဖြင့် တည်ထောင်ခဲ့ကြောင်း၊ ကော်မရှင်၏ အကြံပြုချက် အများစုကိုလည်း မိမိတို့အနေဖြင့် အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ရာတွင် နိုင်ငံသားကိစ္စ၊ လွတ်လပ်စွာ သွားလာခွင့်၊ အိုင်ဒီပီ စခန်းများ ပိတ်သိမ်းရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် ဦးစားပေးနယ်ပယ်(၅)ရပ်ကို သတ်မှတ်ဆောင်ရွက်လျက် ရှိကြောင်း၊ ကျန်ရှိသည့် အိုင်ဒီပီ စခန်းများ ပိတ်သိမ်းရေးအတွက် မဟာဗျူဟာတစ်ရပ်ကို အပြီးသတ်ရေးဆွဲလျက် ရှိကြောင်း၊

နိုင်ငံသားအဖြစ် အဆိုပြုမှု လုပ်ငန်းစဉ်တွင် နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားခြင်းသည် မဖြစ်မနေ ဆောင်ရွက်ရမည့် အဆင့်ဖြစ်ကြောင်း၊ ယင်းသည် ရခိုင်ပြည်နယ်၌ နေထိုင်ကြောင်း အထောက်အထားဖြစ်ပြီး၊ လွတ်လပ်စွာ သွားလာခွင့် ရရှိရေးအတွက်လည်း အဆင်ပြေနိုင်စေမည် ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားမှုမှာ ကိုယ်ပိုင်ဆန္ဒအလျောက်သာ ဆောင်ရွက်ရန် ဖြစ်ကြောင်း၊

လက်ရှိ လုံခြုံရေးအခြေအနေအရ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အချို့ဒေသများသို့ သွားလာခွင့် ကန့်သတ်ထားကြောင်း၊ သို့သော်လည်း လူသားချင်းစာနာမှု အထောက်အပံ့များကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နှင့် ရခိုင်ပြည်နယ်ရှိ အာဏာပိုင်များမှတစ်ဆင့် ပေးအပ်နိုင်ကြောင်း၊

မြန်မာအစိုးရသည် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် လူသားချင်းစာနာမှု အထောက်အပံ့များ ပေးအပ်နိုင်ရေးတို့အတွက် ဆောင်ရွက်လျက် ရှိသည့်အပြင် ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှု-စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများကို ချမှတ်အကောင်အထည်ဖော်လျက် ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုသည် လူမှုအသိုက်အဝန်းများအကြားရှိ ပဋိပက္ခများကို အဆုံးသတ်စေနိုင်မည့် အကောင်းဆုံးနည်းလမ်း ဖြစ်ကြောင်း၊ ထို့အတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေ ဖန်တီးပေးနိုင်ရန်နှင့် ရေရှည် ဖွံ့ဖြိုးတိုးတက်မှု ရရှိနိုင်ရန် ရည်ရွယ်၍ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲကို မကြာမီက ကျင်းပခဲ့ကြောင်း၊

သဘာပတိကြီးခင်ဗျား-

မြန်မာအစိုးရ၏ လက်ရှိ အရေးအကြီးဆုံးလုပ်ငန်းမှာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အဆောလျင်ဆုံး စတင်ရန်နှင့် လူသားချင်း စာနာထောက်ထားမှု အခြေအနေကို ဖြေရှင်းရန် ဖြစ်ကြောင်း၊ စိစစ်ပြီးဖြစ်သည့် နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် ဘေးကင်းပြီး၊ သိက္ခာရှိစွာ ပြန်လည်လာရောက်နိုင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်နှင့် ချုပ်ဆိုထားသည့် နှစ်နိုင်ငံ သဘောတူညီချက်များ၊ အစီအစဉ်များနှင့်အညီ မိမိတို့ဘက်မှ ပြန်လည်လက်ခံရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း၊ သဘောတူညီချက်များအတိုင်း နှစ်ဖက်စလုံးမှ တိကျစွာ လိုက်နာဆောင်ရွက်မည်ဆိုပါက နေရပ်သို့ ပြန်လည်လာရောက်ရေး လုပ်ငန်းစဉ်ကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊

တစ်ဖက်တွင်လည်း နေရပ်သို့ ပြန်ဝင်လာမည့်သူများအတွက် သင့်လျော်သည့် အခြေအနေများ ဖန်တီးပေးနိုင်ရန် မိမိတို့ အနေဖြင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ်၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နှင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာနှင့်အညီ အဆိုပါ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ Quick Impact Projects (၃၅)ခုကို လုံခြုံရေးအခြေအနေပေါ် မူတည်၍ အကောင်အထည်ဖော်နိုင်ရန် သဘောတူညီခဲ့ကြောင်း၊ နောက်ထပ် လုပ်ငန်းစီမံကိန်း (၃၆)ခုကို ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ အခြားရွာများတွင် တိုးချဲ့ဆောင်ရွက်သွားရန် ရှိကြောင်း၊

ထို့ပြင် ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်ကို မြန်ဆန်ချောမွေ့စေရန်အတွက် အာဆီယံနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ရခိုင်ပြည်နယ်၌ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို အထောက်အကူ ဖြစ်စေမည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်း ဆန်းစစ်လေ့လာမည့် အဖွဲ့များ စေလွှတ်နိုင်ရန် အာဆီယံ လူသားချင်းစာနာမှု အကူအညီပေးရေးစင်တာ (AHA Centre) ကို ဖိတ်ကြားခဲ့ကြောင်း၊ ကွင်းဆင်း ဆန်းစစ်လေ့လာမှုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အာဆီယံ အတွင်းရေးမှူးချုပ်၏ ခရီးစဉ်အတွင်း သဘောတူညီခဲ့ကြောင်း၊ အာဆီယံ အရေးပေါ်တုန့်ပြန်မှုနှင့် ကွင်းဆင်း ဆန်းစစ်လေ့လာမှုအဖွဲ့ (ERAT) ကို ရခိုင်ပြည်နယ်သို့ အဆောလျင်ဆုံး စေလွှတ်ရန် ရှိကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွင် အာဆီယံ ကွင်းဆင်းဆန်းစစ်လေ့လာမှုအဖွဲ့ ပါဝင်လာခြင်းဖြင့် နေရပ်သို့ ပြန်လည်ဝင်ရောက်မည့်သူများ၏ ယုံကြည်စိတ်ချမှုကို ပိုမိုရရှိစေနိုင်မည် ဖြစ်ကြောင်း၊

သဘာပတိကြီးခင်ဗျား၊

နုနယ်သေးသည့် ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေဖြင့် စိန်ခေါ်မှု မြောက်များစွာကို ရင်ဆိုင်ဖြေရှင်းရန် ကြိုးပမ်းရာ၌ ကုလသမဂ္ဂနှင့် အပြုသဘောဆောင်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိသော်လည်း ကုလသမဂ္ဂစနစ်အတွင်းရှိ အချို့အုပ်စုများ၊ နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံအပေါ် မလိုမုန်းထားသည့် ရည်ရွယ်ချက်ဖြင့် ခွဲခြားဆက်ဆံပြီး၊ နည်းလမ်းမှန်ကန်မှု မရှိသော နိုင်ငံရေး ဖိအားပေးမှုများ ပြုလုပ်ရန်အတွက် ကုလသမဂ္ဂစနစ်ကို ဆက်လက် အသုံးချလျက် ရှိကြောင်း၊

ထင်ရှားသည့် ဥပမာတစ်ရပ်မှာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရားတစ်ရပ်ကို လူ့အခွင့်အရေးကောင်စီက တည်ထောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ယခင်က မရှိခဲ့ဖူးသည့် ခွဲခြားဆက်ဆံသော စောင့်ကြည့်လေ့လာမှု လုပ်ငန်းများတွင် နောက်ထပ် ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား တည်ထောင်မှုကို မိမိတို့အနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ခဲ့ကြောင်း၊ အကြောင်းပြချက်မှာ ရှင်းလင်းကြောင်း၊ ယင်းယန္တရားသည် လူ့အခွင့်အရေးကောင်စီ၏ အခွင့်အာဏာကို ကျော်လွန်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး၊ ရွေးချယ်ဆောင်ရွက်မှု၊ ခွဲခြားဆက်ဆံမှုနှင့် လူ့အခွင့်အရေးကောင်စီ၏ အခွင့်အာဏာကို လိုသလို အသုံးချမှုသာ ဖြစ်ကြောင်း၊ ထို့ပြင် ယင်း၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များသည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်း တရားစီရင်ပိုင်ခွင့်ကို ထိပါးရာ ရောက်ကြောင်း၊ ကိုယ်ပိုင် နိုင်ငံရေးအာဂျင်ဒါအတွက် လူ့အခွင့်အရေးကောင်စီကို အသုံးချ အမြတ်ထုတ်လိုသူတို့၏ နိုင်ငံရေးရည်ရွယ်ချက်ကိုသာ ဆောင်ကြဉ်းပေးနိုင်လိမ့်မည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီချက်မရှိဘဲ ယင်းသို့ ထိပါးဆောင်ရွက်မှုများသည် လူမှုအသိုက်အဝန်းများကို ပိုမိုကင်းကွာစေလိမ့်မည် ဖြစ်ပြီး၊ တင်းမာမှုများ မြင့်တက်စေလိမ့်မည် ဖြစ်ကြောင်း၊

သဘာပတိကြီးခင်ဗျား၊

ဤအစည်းအဝေးခန်းမအတွင်းရှိ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံ အချို့အနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို ရည်ညွှန်းပြောကြားရာ၌ တာဝန်ခံမှုကိစ္စနှင့် ဆက်နွယ်၍ ပြောကြားခဲ့ကြကြောင်း၊ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ တည်ထောင်စဉ်ကပင် မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်းကို ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ဤခန်းမအတွင်း၌ပင် မိမိပြောကြားခဲ့မှုကို ထပ်လောင်းအတည်ပြုလိုကြောင်း၊ ဇာတ်ကြောင်းများကို အခြေခံသည့် ယင်း၏ အစီရင်ခံစာကိုလည်း ကန့်ကွက်ကြောင်း၊

အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာသည် လုံးဝဘက်လိုက်ပြီး၊ တစ်ဖက်သတ်ကျကြောင်း၊ ယင်း၏ စုံစမ်းစစ်ဆေးမှုများသည် မြန်မာလုံခြုံရေးတပ်ဖွဲ့များကိုသာ ပစ်မှတ်ထားပြီး၊ အာဆာအဖွဲ့၏ ကျူးလွန်မှုများကိုမူ ချန်လှပ်ထားကြောင်း၊ အင်တာဗျူးများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် လူ့အခွင့်အရေးအဖွဲ့များထံမှ အချက်အလက်များကို အခြေခံ၍ အစီရင်ခံစာကို ပြုစုထားကြောင်း၊ ခြုံငုံပြောရပါက အစီရင်ခံစာသည် နေရပ်စွန့်ခွာ မွတ်စလင်များ၏ ပြောကြားချက်များကိုသာ အပြည့်အဝ ဖော်ပြထားပြီး၊ ကွဲလွဲသည့် မည်သည့် သက်သေ အထောက်အထားများကိုမဆို ပယ်ချထားကြောင်း၊ အချက်အလက်ရှာဖွေရေးအဖွဲ့ အနေဖြင့် အာဆာအဖွဲ့၏ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို မသိကျိုးကျွန်ပြုပြီး၊ ယင်း၏ ဆိုးရွားသည့် လုပ်ရပ်များကို ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ကြောင်း၊ အရေးအကြီးဆုံးအချက်မှာ အစီရင်ခံစာ၏ သုံးသပ်ချက်များသည် မြန်မာနိုင်ငံနှင့် နိုင်ငံခေါင်းဆောင်များ၏ ပုံရိပ်ကို အဆုံးစွန်အထိ ထိခိုက်စေရန် ရည်ရွယ်သည့် နိုင်ငံရေးအရ လှုံ့ဆော်မှုများ ဖြစ်ကြောင်း၊

အာဆာအဖွဲ့သည် သက်ဝင်လှုပ်ရှားနေဆဲဖြစ်ကြောင်း၊ အာဆာ ခေါင်းဆောင်တစ်ဦး ဖြစ်သူ Nurul Alam သည် ကော့ဇ်ဘဇားရှိ Muchuni စခန်း၌ ဘင်္ဂလားဒေ့ရှ် Rapid Action Battalion (RAB) နှင့် လက်နက်ကိုင် တိုက်ခိုက်မှုတွင် သေဆုံးခဲ့ကြောင်းကို သတင်းမီဒီယာများက ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဖော်ပြခဲ့ကြကြောင်း၊ ကော့ဇ်ဘဇားရှိ Ukhia စခန်း (၃၀) နှင့် Teknaf နယ်စပ်တို့တွင် အာဆာအဖွဲ့ဝင်များက အဓမ္မခေါ်ဆောင်မှုများ၊ သတ်ဖြတ်မှုများ၊ ပျောက်ဆုံးမှုများနှင့် မုဒိမ်းမှုများ ကျူးလွန်ခဲ့ကြောင်းကို ဘင်္ဂလားဒေ့ရှ် ဒေသခံမီဒီယာများတွင် ဖော်ပြခဲ့ကြကြောင်း၊ ထို့ပြင် ရခိုင်ပြည်နယ်သို့ ပြန်လည်ဝင်လာရောက်လိုသူများကိုလည်း အာဆာအဖွဲ့က ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း၊

သဘာပတိကြီးခင်ဗျား၊

မည်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို အကာအကွယ်ပေးမည် မဟုတ်ကြောင်းနှင့် စွပ်စွဲချက်များနှင့် ပတ်သက်၍ ခိုင်လုံသည့် အထောက်အထား တင်ပြနိုင်ပါက ကျူးလွန်သူများကို တရားဥပဒေအရ အရေးယူမည် ဖြစ်ကြောင်းကို မြန်မာအစိုးရက ထပ်တလဲလဲ ပြောကြားထားပြီး ဖြစ်ကြောင်း၊

သို့အတွက် ၂၀၁၇ ခုနှစ်၊ သြဂုတ်လတွင် အာဆာ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီး နောက်ပိုင်း လူအခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များအားလုံးကို စုံစမ်းစစ်ဆေးနိုင်ရန်အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို မြန်မာအစိုးရက ဖွဲ့စည်းခဲ့ကြောင်း၊ ကော်မရှင်သည် တာဝန်ခံမှုနှင့် ပြန်လည်သင့်မြတ်မှု ရှိစေရေးအတွက် ဆောင်ရွက်သွားရန် ဖြစ်ကြောင်း၊ ကော်မရှင်အနေဖြင့် ယင်း၏ တာဝန်များကို လွတ်လပ်၍ ဘက်လိုက်မှုကင်းကာ တိကျမှန်ကန်စွာဖြင့် ဆောင်ရွက်လျက် ရှိကြောင်း၊

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များကို ခိုင်မာသည့် သက်သေအထောက်အထားများပေါ်တွင် အခြေခံ၍ စုံစမ်းစစ်ဆေးမည် ဖြစ်ကြောင်း၊ သို့အတွက် အချက်အလက်များကို စုဆောင်းကာ ကော်မတီခွဲတစ်ရပ် တည်ထောင်၍ သက်သေအထောက်အထားများကို သုံးသပ်သွားမည် ဖြစ်ကြောင်း၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး၊ ဥပဒေ၊ မှုခင်းဆေးပညာနှင့် ပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ စသည်တို့နှင့်ပတ်သက်၍ ပြင်ပကျွမ်းကျင်သူများထံမှ အကူအညီများ တောင်းခံလျက် ရှိကြောင်း၊ ကော်မရှင် အဖွဲ့ဝင်တစ်ဦးစီက အထောက်အကူပြု ဝန်ထမ်းများနှင့် ကျွမ်းကျင်သူများ ခန့်အပ်သွားမည် ဖြစ်ကြောင်း၊

လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များကို တိုင်ကြားကြရန် ကော်မရှင်က ပြည်သူလူထုသို့ အတိအလင်း ဖိတ်ခေါ်ခဲ့ပြီး၊ စွပ်စွဲချက်များ တင်သွင်းရန် နေ့ရက်ကိုလည်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်မှ ဖေဖော်ဝါရီလ ၂၈ ရက်သို့ ရွှေ့ဆိုင်းခဲ့ကြောင်း၊

ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ကြောင်း စွပ်စွဲချက်များနှင့် ပတ်သက်သည့် တိုင်ကြားစာ (၄၀) ကျော် ရရှိထားပြီးဖြစ်ကြောင်း၊ ကော်မရှင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်ခွင့်ကိုလည်း တောင်းခံထားကြောင်း၊ ကျူးလွန်ခံရကြောင်း စွပ်စွဲထားသူများနှင့် တွေ့ဆုံနိုင်ရန်အတွက် ကော်မရှင်၏ ခရီးစဉ်ကို ခွင့်ပြုပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို တိုက်တွန်းလိုကြောင်း၊ ကော်မရှင်၏ လုပ်ငန်းသည် သက်သေအထောက်အထားကို အခြေခံကြောင်း၊ သို့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ကော်မရှင်၏ လုပ်ငန်းကို ထောက်ခံသင့်ကြောင်း၊ ကော်မရှင်အနေဖြင့် ကြားဖြတ်အစီရင်ခံစာကို နိုင်ငံတော်သမ္မတရုံးသို့ မတ်လတွင် တင်သွင်းရန်ရှိပြီး၊ အပြီးသတ် အစီရင်ခံစာကို ယခုနှစ်ကုန်တွင် တင်သွင်းမည် ဖြစ်ကြောင်း၊

တာဝန်ခံမှုကိစ္စကို မြန်မာအစိုးရအနေဖြင့် ဖြေရှင်းရန် ဆန္ဒရှိသကဲ့သို့ ဖြေရှင်းနိုင်စွမ်းလည်း ရှိကြောင်း၊ သို့အတွက် ဤတာဝန်ခံမှုကိစ္စနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ်သို့ တင်သွင်းရန်ကို ကြိုးပမ်းမှုမှန်သမျှ မိမိတို့ ပြင်းထန်စွာ ကန့်ကွက်ကြောင်း၊

မြန်မာအစိုးရအနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ခိုင်မာသည့် ကတိကဝတ်ဖြင့် ပဋိပက္ခနှင့် ဆက်နွယ်သော လိင်အကြမ်းဖက်မှုများကို တားဆီးဖြေရှင်းနိုင်ရန်အတွက် ပဋိပက္ခများအတွင်း လိင်အကြမ်းဖက်မှု ဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် ပူးတွဲသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်း၊ အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံ ခရီးစဉ်ကိုလည်း မကြာသေးမီက စီစဉ်ပေးခဲ့ကြောင်း၊

မိမိတို့အနေဖြင့် ကလေးသူငယ်များနှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၏ ရုံးနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊ ကြီးလေးသော ပြစ်မှုကြီး (၆)မျိုးကို ကာကွယ်တားဆီးရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပါဝင်သည့် ကော်မတီတစ်ရပ်ကို တည်ထောင်ခဲ့ပြီး၊ ယင်းပြစ်မှုများနှင့် ပတ်သက်သည့် သင်တန်းတစ်ခုကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ကျင်းပပေးခဲ့ကြောင်း၊

သဘာပတိကြီးခင်ဗျား၊

ရခိုင်ပြည်နယ် အရေးကိစ္စသည် မြန်မာနိုင်ငံအပေါ် မီဒီယာများက မှားယွင်းစွာ အကြီးအကျယ် ဖန်တီး ပုံဖော်ထားသကဲ့သို့ ဘာသာရေးဖိနှိပ်မှု မဟုတ်ကြောင်း၊ မြန်မာနိုင်ငံသည် လူမျိုး၊ ဘာသာစုံတို့ ဖွဲ့စည်းပါဝင်သည့် နိုင်ငံဖြစ်ပြီး၊ မွတ်ဆလင်များ အပါအဝင် မတူညီသည့် ဘာသာဝင်များသည် ရာစုနှစ်ပေါင်းများစွာ သဟဇာတရှိစွာဖြင့် နေထိုင်ခဲ့ကြကြောင်း၊

ရခိုင်ပြည်နယ် အရေးကိစ္စသည် ကိုလိုနီ အုပ်ချုပ်မှုကာလကတည်းက စတင်၍ ကြာရှည်စွာ ဖြစ်ပေါ်လာခဲ့သည့် နယ်စပ်ဖြတ်ကျော် တရားမဝင် အခြေချမှု၊ ဆင်းရဲမှု၊ တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေး လျော့နည်းမှုတို့ ပါဝင်သည့် နိုင်ငံရေးနှင့် စီးပွားရေး ပြဿနာ ဖြစ်ကြောင်း၊ ရခိုင်မြောက်ပိုင်း အရေးကိစ္စသည် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်မှု မရှိကြောင်း၊

မကြာမီက ရခိုင်ပြည်နယ် မြောက်ပိုင်း၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုသည် အေအေ အဖွဲ့က ရဲကင်းစခန်း(၃)ခုကို တိုက်ခိုက်ခဲ့မှုများမှ စတင်ခဲ့ပြီး၊ အခြေအနေကို ပိုမိုရှုပ်ထွေးစေခဲ့ကြောင်း၊ ယင်းအဖြစ်အပျက်များသည် လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောက်တွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရေးအတွက် အရေးတကြီး လိုအပ်မှုကို ပြသလျက် ရှိကြောင်း၊

လူသားချင်းစာနာမှု ပြဿနာများကို ဖြေရှင်းရန် အရေးတကြီးလိုအပ်မှုကို မိမိတို့အနေဖြင့် သိရှိပါကြောင်း၊ သို့ရာတွင် မြေပြင် လက်တွေ့အခြေအနေနှင့် ဖြစ်နိုင်ခြေများကို နားလည်ပေးစေလိုပါကြောင်း၊ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး တည်ဆောက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုများကို အကောင်အထည်ဖော်ရာတွင် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ကြီးမားသည့် အတားအဆီးများ ရှိနေကြောင်း၊ အချိန်နှင့် စိတ်ရှည်သည်းခံမှုသာမက ရခိုင်ပြည်နယ်ရှိ လူမှုအသိုက်အဝန်းများအကြား ယုံကြည်စိတ်ချမှု တည်ဆောက်နိုင်ရေးအတွက် ရဲရဲဝံ့ဝံ့ ဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စကို အခြားသူများထက် မိမိတို့အနေဖြင့် မြန်ဆန်စွာ ဖြေရှင်းလိုကြောင်း၊

ရခိုင်ပြည်နယ် အခြေအနေကို ဖြေရှင်းရန်အတွက် မြန်မာအစိုးရနှင့် ပြည်သူများတွင် အဓိကတာဝန်ရှိသော်လည်း နိုင်ငံတကာ အသိုက်အဝန်း၏ မျှတ၍ အပြုသဘောဆောင်သော ပူးပေါင်းပါဝင်မှုနှင့် အားပေးကူညီမှုသည်လည်း မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများ အောင်မြင်ရန်အတွက် အရေးကြီးပါကြောင်း၊

ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန်အတွက် ယခုကဲ့သို့ အရေးကြီးသည့် အချိန်တွင် မိမိတို့အား နည်းလမ်းမျိုးစုံဖြင့် ကူညီ၊ အားပေးလျက်ရှိသည့် မိတ်ဆွေများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊

ရခိုင်ပြည်သူများ၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်ရန်နှင့် ရခိုင်ပြည်နယ်ကို အသိုက်အဝန်းများ အားလုံးအတွက် အေးချမ်းပြီး၊ သဟဇာတရှိကာ သာယာဝပြောသည့် ပြည်နယ်တစ်ခု ဖြစ်လာစေနိုင်ရန်အတွက် ကုလသမဂ္ဂ၊ မိတ်ဆွေများအားလုံးနှင့်အတူ စစ်မှန်စွာ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း။