မြစ်ကြီးနားသတင်းဂျာနယ် သတင်းထောက်နှစ်ဦးကို ရိုက်နှက်ခဲ့သည့် သူများအား အမှုဖွင့်စစ်ဆေး


Ministry of Information/ ဝိုင်းမော် / February 27, 2019
image_latest


ဝိုင်းမော် ဖေဖော်ဝါရီ ၂၆

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ဖေဖော်ဝါရီ ၂၆ ရက်က သခင်စစ် သတ္တု တူးဖော်ရေးကုမ္ပဏီမှ တာဝန်ရှိသူများက မြစ်ကြီးနားသတင်းဂျာနယ်မှ သတင်းထောက်နှစ်ဦးကို နေအိမ်သို့ခေါ်ဆောင်၍ ရိုက်နှက်မှုဖြစ်ပွားခဲ့ရာ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဝိုင်းမော်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မြစ်ကြီးနားသတင်းဂျာနယ်တွင် ဖေဖော်ဝါရီ ၂၅ ရက်က သခင်စစ် သတ္တုတူးဖော်ရေးကုမ္ပဏီနှင့် ပတ်သက်၍ ဖော်ပြခဲ့သည့် သတင်းမှာ မှားယွင်းသည်ဟုဆိုကာ ဖြေရှင်းရန် ဝိုင်းမော်မြို့ရှိ ကုမ္ပဏီနေအိမ်သို့ ခေါ်ဆောင် သွားခဲ့ပြီး နေအိမ်ရောက်ရှိခိုက် အမျိုးသမီးသတင်းထောက် မမွန်းမွန်းပန်နှင့် အမျိုးသား သတင်းထောက် လပတ်ခေါင်လွန်းတို့ နှစ်ဦးအား နေအိမ်တစ်အိမ်စီ ခွဲ၍နေစေပြီး မွန်းမွန်းပန်အား ၎င်းရေးသားခဲ့သည့် ဂျာနယ် စာစောင်ဖြင့် ပါးရိုက်ခြင်း၊ လပတ်ခေါင်လွန်းအား ထိုင်ထအကြိမ် ၃၀၀ ပြုလုပ် စေခြင်းနှင့် နေအိမ်မှ အပြင်သို့ မထွက်နိုင်စေရန် ချုပ်နှောင်ထားခြင်းများ ပြုလုပ်ခဲ့ခြင်း ကြောင့် မြစ်ကြီးနား ဂျာနယ်သတင်းထောက် မမွန်းမွန်းပန်က ဝိုင်းမော် မြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒိန်ဆောင်အပါအဝင် ခြောက်ဦးအား ဝိုင်းမော်မြို့မရဲစခန်းတွင် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ဝိုင်းမော်မြို့မရဲစခန်းမှ သိရသည်။

ဝင်းနိုင်(ကချင်မြေ)