အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ကြည့်ရှုအားပေး


Amyotha Hluttaw/ နေပြည်တော် / November 09, 2018


ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို နိုဝင်ဘာ ၇ ရက်မှ ၁၁ ရက်အထိအစဉ်အလာမပျက် ကျင်းပလျက်ရှိရာ နိုဝင်ဘာ ၇ ရက် ညပိုင်းက ဘားအံမြို့ သီရိကွင်း၌ ကျင်းပသည့် (၆၃) နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တက်ရောက်ကြည့်ရှုအားပေးသည်။

အဆိုပါဒုံးအကပြိုင်ပွဲ အစီအစဉ်များကို ညနေ ၆ နာရီက စတင်ကျင်းပရာ အမှတ်(၁) ဘားအံ မူကြို၊ အမှတ်(၂) ဘားအံမူကြို၊ ပန်းမမ(လွန်းည) ကိုယ့်အားကိုယ်ကိုး မူကြို၊ အမှတ်(၆) ကိုယ့်အားကိုယ်ကိုးမူကြို ရင်သွေးလေးများ ဒုံးအဖွဲ့များနှင့် အိန္ဒုကျေးရွာ မူးနောင်ရှား(အမျိုးသမီး) ဒုံးအဖွဲ့၊ ဖူးတခေတ်(ရှာလေ့ဖလုံ) ယဉ်ကျေးမှုဒုံးအဖွဲ့(၁)တို့က ကရင်ရိုးရာဒုံးအကများဖြင့် ဧည့်ခံဖျော်ဖြေကြသည်။

ထို့နောက် ည (၈)နာရီတွင် ဒုံးအကပြိုင်ပွဲကို ကျင်းပရာ မုက္ကဒိကျေးရွာဒုံးအဖွဲ့၊ ကော့ထမ္မလိန်း-ထုံးအိုင်တိုက်နယ်ကိုယ်စားပြု ဖူးတခေတ်ယဉ်ကျေးမှု ဒုံးအဖွဲ့၊ ကြားအင်းဆိတ်ကြီးမြို့နယ်ကိုယ်စားပြု ဒုံးအဖွဲ့၊ ကရင်ကျောင်းသားများရိပ်သာ ကျောင်းသားဟောင်းများ ဒုံးအဖွဲ့၊ ချစ်သူမြိုင်အပန်းဖြေဥယျာဉ် ယဉ်ကျေးမှု ဒုံးအဖွဲ့၊ အိန္ဒု-မိဇံတိုက်နယ်ကိုယ်စားပြု နောင်ပလိန်ကျေးရွာစုပေါင်း ဒုံးအဖွဲ့၊ ကော့ကရိတ်မြို့နယ် နယ်ခြားစောင့်တပ် တပ်နယ်(၃) ယဉ်ကျေးမှုဒုံးအဖွဲ့၊ မြဝတီခရိုင်ကိုယ်စားပြု ဖူးတခေတ်ယဉ်ကျေးမှုဒုံးအဖွဲ့၊ ဘားအံမြို့တော်ယဉ်ကျေးမှု ဒုံးအဖွဲ့ စုစုပေါင်း ဒုံးအဖွဲ့ ၉ ဖွဲ့တို့ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆိုကပြ ဖျော်ဖြေယှဉ်ပြိုင်ခဲ့ကြသည်။

ထို့သို့ ယဉ်ကျေးမှုဒုံးအဖွဲ့များ သီဆိုကပြဖျော်ဖြေယှဉ်ပြိုင်မှုများကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများ ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်ဒုံးအဖွဲ့များအား ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။