အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်နှင့်ဧည့်သည်တော်များ (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / November 08, 2018


ဘားအံ နိုဝင်ဘာ ၈
 ကရင်ပြည်နယ်နေ့အထိမ်းအမှတ်ပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ၊ စင်တင်တေးဂီတ ဖျော်ဖြေပွဲများ၊ ဇာတ်သဘင်အနုပညာ၊ ဒုံးအကပြိုင်ပွဲများနှင့် စျေးရောင်းပွဲတော် များဖြင့် နှစ်စဉ် နိုဝင်ဘာလ ၇ ရက်နေ့မှ ၁၁ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိရာ ယခုနှစ်တွင်လည်း အစဉ်အလာမပျက်၊ ရိုးရာမပျက် စနစ်တကျဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌဦးအေးသာအောင်နှင့် ဧည့်သည်တော်များသည် နိုဝင်ဘာ ၇ ရက်နေ့ ညပိုင်း က ဘားအံမြို့၊ သိရိကွင်း၌ ကျင်းပသည့် (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲကို ကြည့်ရှုအားပေးခဲ့ကြသည်။
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ အစီအစဉ်များကို ညနေ ၆ နာရီက စတင်ကျင်းပရာ အမှတ်(၁)ဘားအံမူကြို၊ အမှတ်(၂)ဘားအံမူကြို၊ ပန်းမမ(လွန်းည)ကိုယ့်အားကိုယ်ကိုးမူကြို၊ အမှတ်(၆) ကိုယ့်အားကိုယ်ကိုးမူကြို ရင်သွေးလေးများ ဒုံးအဖွဲ့များနှင့် အိန္ဒုကျေးရွာ မူးနောင်ရှာ(အမျိုးသမီး)ဒုံးအဖွဲ့၊ ဖူးတခေတ် (ရှာလေ့ဖလုံ) ယဉ်ကျေးမှုဒုံးအဖွဲ့(၁)တို့က ကရင်ရိုးရာဒုံးအကများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး ည ၈ နာရီခွဲအချိန်တွင် ဒုံးအကပြိုင်ပွဲကို ကျင်းပရာ မုက္ကဒိကျေးရွာဒုံးအဖွဲ့၊ ကော့ထမ္မလိန်း-ထုံးအိုင်တိုက်နယ်ကိုယ်စားပြု ဖူးတခေတ်ယဉ်ကျေးမှု ဒုံးအဖွဲ့၊ ကြာအင်းဆိပ်ကြီးမြို့နယ်ကိုယ်စားပြု ဒုံးအဖွဲ့၊ ကရင်ကျောင်းသားရိပ်သာကျောင်းသားဟောင်းများ ဒုံးအဖွဲ့၊ ချစ်သူမြိုင် အပန်းဖြေဥယျာဉ်ယဉ်ကျေးမှု ဒုံးအဖွဲ့၊ အိန္ဒု-မိဇံတိုက်နယ်ကိုယ်စားပြု နောင်ပလိန်ကျေးရွာ စုပေါင်းဒုံးအဖွဲ့၊ ကော့ကရိတ်မြို့နယ်နယ်ခြားစောင့်တပ် တပ်နယ်(၃)ယဉ်ကျေးမှု ဒုံးအဖွဲ့၊ မြဝတီခရိုင်ကိုယ်စားပြု ဖူးတခေတ်ယဉ်ကျေးမှု ဒုံးအဖွဲ့၊ ဘားအံမြို့တော်ယဉ်ကျေးမှု ဒုံးအဖွဲ့၊ စုစုပေါင်း ဒုံးအဖွဲ့(၉)ဖွဲ့တို့ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ သီဆို ကပြဖျော်ဖြေ ယှဉ်ပြိုင်ခဲ့ကြသည်။
 ထိုသို့ ယဉ်ကျေးမှုဒုံးအဖွဲ့များ သီဆိုကပြဖျော်ဖြေယှဉ်ပြိုင်မှုများအား အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ဧည့်သည်တော်များ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများက အေးချမ်းပျော်ရွှင်စွာ ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်ဒုံးအဖွဲ့များအား ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။