အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် အဆို/မေးခွန်းရှင် ကိုယ်စားလှယ်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


Ministry of Information/ ​နေပြည်တော် / November 28, 2019
image_latest


နေပြည်တော် နိုဝင်ဘာ ၂၇

အမျိုးသားလွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ သည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အဆို/မေးခွန်းရှင် ကိုယ်စားလှယ်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ကော်မတီရေးရာ အဆောင်အမှတ် (I-20) အပေါ်ထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက အမှာစကား ပြောကြားပြီး ပထမပုံမှန်အစည်းအဝေး မှ (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ ကတိဖြစ်ပေါ်ခဲ့သည့် အဆို/မေးခွန်းများအနက် ဆောင်ရွက်ရန် ကျန်ရှိသည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် မှာကြားသည်။

ထို့နောက် အဆို/မေးခွန်းရှင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် များက မိမိတို့ တင်သွင်း မေးမြန်း ခဲ့သည့် အဆို/မေးခွန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ကော်မတီ အဖွဲ့ဝင်များက လေ့လာစိစစ် တွေ့ရှိချက်များကိုလည်းကောင်း တင်ပြဆွေးနွေးပြီး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၏ ပြန်လည် ရှင်းလင်း တင်ပြမှုများအပေါ် ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေက ပေါင်းစပ်ညှိနှိုင်းပေးသည်။

အဆိုပါအစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးသိမ်းဆွေ၊ အတွင်းရေးမှူး ဦးကျော်နီနိုင်၊ ကော်မတီ အဖွဲ့ဝင်များ၊ အဆို/မေးခွန်းရှင် ကိုယ်စားလှယ်များ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်