ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ Ms. Che Xiulan အား လက်ခံတွေ့ဆုံ


Pyithu Hluttaw/ နေပြည်တော် / November 15, 2019


ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်းပြည်နယ်၊ ပြည်သူ့ကွန်ဂရက်၊ အမြဲတမ်းကော်မတီဒုတိယဥက္ကဋ္ဌ Ms. Che Xiulan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ သဘင်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံအကြား ဆွေးမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုမှ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ နှစ်နိုင်ငံ အစိုးရအချင်းချင်း၊ လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး၊ မြန်မာလွှတ်တော်များ၏ ဥပဒေပြုရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် နည်းပညာကဏ္ဍ ဖွံ့ဖြိုးရေးဆိုင်ရာ e-parliament စနစ် အကောင် အထည်ဖော်ဆောင်ရွက်သွားနိုင်ရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ ငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးအောင်မင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဝင်းထွဋ်၊ လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးကြည်မိုးနိုင်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ထွန်းခိုင်(ခ) ဦးချိန်ဝင်း၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒေါ်ယဉ်မင်းလှိုင် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်