ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေ အဖွဲ့၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် (၃၁) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ အစည်းအဝေး များသို့ တက်ရောက် အစိုးရဌာနလမ်းညွှန်/ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေ အဖွဲ့၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် (၃၁) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ အစည်းအဝေး များသို့ တက်ရောက် / December 05, 2019

နေပြည်တော် ဒီဇင်ဘာ ၅

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် နှင့်အဖွဲ့သည် ဒီဇင်ဘာ ၃ ရက်မှ ၄ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ The Hague Marriott Hotel ၌ ကျင်းပသော ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့၏ နှစ် (၃၀) ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် အဆိုပါအဖွဲ့အစည်း၏ (၃၁) ကြိမ်မြောက် အုပ်ချုပ်မှု ကောင်စီအစည်းအဝေးများသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် The Hague Marriott Hotel ရှိ A1 Congress Hall ၌ ကျင်းပပြုလုပ်သည့် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့၏ နှစ် (၃၀)ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားနှင့် (၃၁) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး ဖွင့်ပွဲသို့ ကုန်စည်များဆိုင်ရာဘုံ ရန်ပုံငွေအဖွဲ့အစည်း၏ အုပ်ချုပ်မှုဆိုင်ရာ မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကဏ္ဍအလိုက် ဆွေးနွေးပွဲများဖြစ်သည့် ကုန်စည်ကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၊ ကုန်စည်ဆိုင်ရာ တန်ဖိုးကွင်းဆက်များ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ၊ ကုန်စည် များအလိုက် ကောင်းမွန်သော အပြောင်းအလဲများ ဖန်တီးနိုင်ရေး၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် လူမှုစီးပွားရေး လုပ်ငန်းများ၏ မျှော်မှန်းချက်ဆိုင်ရာ ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခဲ့ပြီး၊ ညနေပိုင်းတွင် Art Museum The Hague ၌ ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့အစည်း၏ ဦးဆောင်ညွှန်ကြားရေးမှူးက တည်ခင်းသည့် ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီးသည် ဒီဇင်ဘာ ၄ ရက်တွင် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေ အဖွဲ့အစည်း၏ ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ် လက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသည့် Mr. Parvindar Singh နှင့် သီးခြားတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် Micro Level မှစတင်၍ ထုတ်လုပ်မှုလုပ်ငန်းစဉ် တစ်လျှောက်လုံး၌ မူဝါဒပိုင်းဆိုင်ရာအပါအဝင် ချိတ်ဆက်ဆောင်ရွက်နိုင် စေရေးအတွက် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့အစည်းမှပေးအပ်သည့် ဘဏ္ဍာရေးအရင်း အမြစ်များနှင့် နည်းပညာအကူ အညီများ တိုးတက်ရရှိစေရေးနှင့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ပေးနိုင်ရေးအတွက် ပံ့ပိုးကူညီပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေ အဖွဲ့၏ (၃၁) ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးနှင့်စပ်လျဉ်းသည့် အစီအစဉ်များသို့ ဆက်လက်တက်ရောက်ခဲ့ပြီး အဆိုပါ အဖွဲ့အစည်း၏ ဦးဆောင်ညွှန်ကြားရေးမှူး ရာထူး ရွေးချယ်တင်မြှောက် ခြင်းအတွက် မြန်မာနိုင်ငံကိုယ်စားပြု၍ ပါဝင်မဲပေးခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)