ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးCOVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟို အဆင့်ညှိနှိုင်း အစည်းအဝေး တက်ရောက်


Ministry of Information/ ​နေပြည်တော် / March 16, 2020
image_latest


နေပြည်တော် မတ် ၁၆

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၅/၂၀၂၀) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည့် အင်တာနက် ကွန်ရက် အသုံးပြု Video Conferencing ဖြင့် ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက‌ မြန်မာနိုင်ငံ ပြည်သူများတွင် COVID-19 ရောဂါကိုကာကွယ်ရေးနှင့် ပြည်သူများရောဂါ ဖြစ်ပွားသေဆုံးမှု မရှိစေရေးတို့အတွက် ဝိုင်းဝန်းဆောင်ရွက် လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများကို ပြည်သူများ ကိုယ်စားကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ပြတ်သားသော ဆုံးဖြတ်ချက်များချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရောဂါဖြစ်ပွားသောနိုင်ငံနှင့် နေရာဒေသများမှ ပြည်တွင်းသို့ ဝင်ရောက်သူများ နည်းပါးလာခြင်းဖြင့် ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားနိုင်ချေပါ လျော့နည်း လာမည် ဖြစ် ကြောင်း။

ပြည်သူများမှ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် လှူဒါန်းထားသည့် ပစ္စည်းကိရိယာများနှင့် လှူဒါန်းငွေများကို အကျိုးရှိ ထိရောက်စွာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ကျန်းမာရေးပြဿနာနှင့် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ပါဝင် ဆောင်ရွက် သူများအကြား စနစ်တကျချိန်သားကိုက် ချိတ်ဆက်ဆောင်ရွက်မှုများသည် အထူးအရေးကြီးပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် တာဝန်ရှိသူများ ပါဝင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ ဝန်ကြီးဌာန၏ အီးမေးလ်အစုဖွဲ့(email group)ကို ဖွဲ့စည်းထားရှိပြီး ဆက်သွယ် ဆောင်ရွက် မည်ဖြစ်ကြောင်း။

ထို့အပြင် ယခုကဲ့သို့ အင်တာနက်ကွန်ရက်ကို အသုံးပြုကာ Video conferencing ပုံစံဖြင့် ညှိနှိုင်းဆွေးနွေးမှုများကို ပုံမှန်ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ပိုမိုထိရောက်ရေး အတွက် ကပ်ရောဂါဗေဒရှုထောင့်မှ နိုင်ငံတကာနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ဆန်းစစ်သုံးသပ်မှုအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ် ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ဆန်းစစ်သုံးသပ်မှုအဖွဲ့၊ ဆေးရုံပိုင်း ကြိုတင်ပြင်ဆင်မှုနှင့် အသွားအလာကန့်သတ်ပိတ်ပင်ခြင်း လုပ်ငန်းများကို ဆန်းစစ်သုံးသပ်မှုအဖွဲ့နှင့် နိုင်ငံတကာ ဝင်၊ ထွက် ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများကို ဆန်းစစ် သုံးသပ် မှုအဖွဲ့တို့အားဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါကြောင်း။

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများတွင် ပြည်သူ့ကျန်းမာရေးအပိုင်းမှ ဆောင်ရွက်နေမှုသည် အတိုင်းအတာတစ်ခုအထိ ကျေနပ်ဖွယ်ရာရှိပြီး ဆေးရုံပိုင်း ဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရှိမှုများ ပိုမိုအားထုတ် ဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ COVID-19 ရောဂါလူနာများ ရောက်ရှိလာပါက ကုသမှု ပေးနိုင်ရန်အတွက် ဖြစ်စဉ်အခြေပြု စားပွဲတင် လေ့ကျင့်ခန်းများဆောင်ရွက်ထားရှိမှုနှင့် ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိခြင်းကို ဆန်းစစ်သုံးသပ်မှုမှ တွေ့ရှိချက်များနှင့် အကြံပြုချက်များကို တင်ပြဆွေးနွေးကြ စေလို ပါကြောင်း။

ယခုအစည်းအဝေးတွင် ဗဟိုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့် တာဝန်ရှိသူ များ၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)မှ တာဝန်ရှိသူများ၊ ရောဂါနှိမ်နင်း ရေးပညာရှင်များ၊ ကုသရေးပါမောက္ခများ၊ ဝယ်ယူဖြန့်ဖြူးရေးတာဝန်ရှိသူများ စသည်ဖြင့် ကဏ္ဍစုံမှ ပါဝင်တက်ရောက်ကြသဖြင့် ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်မှု အတွေ့အကြုံ၊ အခက်အခဲများနှင့် အားနည်းချက်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံပြုကြ စေလိုပါကြောင်း၊ ဝန်ကြီးဌာနမှ ရေးဆွဲထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းအစီအစဉ် နှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ရောဂါဖြစ်ပွားပျံ့နှံ့မှုအခြေအနေများကို ကမ္ဘာ့ကပ် ရောဂါ (Pandemic)ဟု ကြေညာခဲ့မှုနှင့်အညီ လိုအပ်သလို ပြုပြင်မွမ်းမံ၍ စီမံချက်တစ်ခု ရေးဆွဲသွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်ရန်အတွက် အင်တာနက် ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စိုးဦးတို့က ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ရှင်းလင်း ပြောကြားသည်။

ယင်းနောက် Video Conference မှတစ်ဆင့် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်)မှ တာဝန်ရှိသူများ၊ ကုသရေးပါမောက္ခများ၊ ရောဂါနှိမ်နင်းရေးပညာရှင်များ၊ ဆေးရုံအုပ်ကြီးများက တိုင်းဒေသကြီး/ပြည်နယ်များတွင် ဆောင်ရွက် လျက်ရှိသော ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်မှု အတွေ့အကြုံနှင့် အားသာချက်၊ အားနည်းချက်များ၊ အသွားအလာ ကန့်သတ် ပိတ်ပင်ခြင်း (quarantine) ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်၊ စောင့်ကြည့်လူနာများကို ကုသမှုပေးနေမှု၊ COVID-19 ရောဂါလူနာများ ပေါ်ပေါက်လာပါက ကုသမှုပေးရန် ဆေးရုံနေရာ၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ကြိုတင်ပြင်ဆင်ထားရှိမှုနှင့် လိုအပ်ချက်၊ ကျန်းမာရေး အသိပညာပေး နှိုးဆော်မှုများအတွက် ပိုစတာနှင့် လက်ကမ်းစာစောင်များ၊ ရုပ်သံများ၊ တိုင်းရင်းသား ဘာသာစကားများဖြင့် အသံဖိုင်များ ပြုလုပ်ထားရှိ ဖြန့်ဝေနေမှု၊ ဓာတ်ခွဲစစ်ဆေးမှုအတွက် ဓာတ်ခွဲ နမူနာရယူမှု၊ ပို့ဆောင်မှုတို့ကို စနစ်တကျဆောင်ရွက်နိုင်ရန် လုပ်ငန်းလမ်းညွှန်များကို ဖြန့်ဝေ ထားမှု၊ ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန၏ facebook စာမျက်နှာများတွင် ဖော်ပြထားရှိမှု၊ နယ်စပ်ဝင်၊ ထွက်ဂိတ်ပေါက် များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများ ဆန်းစစ်တွေ့ရှိ ချက်များ တင်ပြရန်ကိစ္စ၊ COVID-19 လူနာတွေ့ရှိပါက ထားရှိကုသရန် သတ်မှတ် ဆေးရုံ (designated hospital) များ သို့ ဆေးနှင့်ဆေးပစ္စည်းများ ဦးစားပေးဖြည့်ဆည်းနေမှု စသည်တို့ကို တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး/ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများက လုပ်ငန်းလိုအပ်ချက်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ဖြည့် ဆည်းဆောင်ရွက်ရန် အစီအစဉ်များကို ပြန်လည် ဆွေနွေးကြသည်။

(သတင်းစဉ်)