ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် မဂွေဇ-ခေါင်လန်ဖူး လမ်းဖောက်လုပ်ရေး လုပ်ငန်းများ ကြည့်ရှု စစ်ဆေး


Ministry of Information/ ​နေပြည်တော် / March 16, 2020
image_latest


နေပြည်တော် မတ် ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်သည် မတ် ၁၄ ရက်တွင် ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း၌ ဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်နေသော မဂွေဇ-ခေါင်လန်ဖူး ကားလမ်း (၆၅/၄) မိုင် ဖေါက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်များအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော မြေလမ်းနှင့် ကျောက်ခင်းလမ်းများ အခြေအနေကို မော်တော်ယာဉ်ဖြင့် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် မေခမြစ်ကမ်း၌ မြစ်ဖြတ်ကူးရန် ကြိုတင်ပြင်ဆင်စုဖွဲ့ထားရှိသည့် ယန္တရားကူးဖောင်နှင့် အတူတစ်ဘက်ကမ်းတွင် လုပ်ငန်းခွင်ဝင်ရောက်ကြမည့်  မြေတူးစက် ၄ စီး၊ မြေထိုးစက် ၃ စီး၊ မြေသယ်ယာဉ် ၃ စီး၊ စက်သုံးဆီ၊ Crawler Drill (ကျောက်ဖေါက်စက်) ၁ စီး၊ ယမ်းနှင့် ဆက်စပ်ပစ္စည်းများ သယ်ဆောင်ဖြတ်ကူးခြင်းလုပ်ငန်းများနှင့် မေခမြစ်ကမ်းမှ ခေါင်လန်ဖူးအထိ  လမ်းဖေါက်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လမ်းဖေါက်လုပ်ရေး လုပ်ငန်းဆောင်ရွက်နေသော တပ်မတော်အင်ဂျင်နီယာ တပ်ရင်းမှစစ်သည်များ၊ ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ယန္တရားများ ဖြတ်ကူးနိုင်ရေးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြ သော လုပ်သားများနှင့် တွေ့ဆုံ၍ ယခုကဲ့သို့ ဆိုးရွားပြင်းထန်သည့် ရာသီဥတု အကြားမှ ဝေးလံခေါင်းပါးသည့် ဒေသခံ ပြည်သူလူထုအတွက် မလျော့သော ဇွဲလုံ့လနှင့် ကြိုးစားဆောင်ရွက်နေကြသူများကို အသိအမှတ်ပြုဂုဏ်ယူမှတ်တမ်း တင်ပါကြောင်း၊ ခေါင်လန်ဖူးဒေသသည် ဒေသဖွံ့ဖြိုးရေး အဘက်ဘက်မှ နိမ့်ကျလျက်ရှိရာ ယခုကဲ့သို့ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက် ပေးခြင်းဖြင့် ဒေသ၏ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးကဏ္ဍများ မြင့်မားလာမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားများ၏ နယ်စပ်ဒေသများ အပါအဝင် တစ်နိုင်ငံလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေးနှင့် ရာသီဥတုဆိုးရွားမှုဒဏ်ခံနိုင်ရန် ကျန်းမာရေး အလေးထားကြရန် မှာကြား၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မေခမြစ်ကူး ကြိုးတံတား(ရီဒမ်း)၌ ကြိုးတံတား အဟောင်း၏ ကြံ့ခိုင်မှုကို ကြည့်ရှုစစ်ဆေး၍ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်မည့် မေခမြစ်ကူးတံတား(ရီဒမ်း) တည်ဆောက်မှု မပြီးမီကာလအတွင်း ယခုကြိုးတံတားကို ယာဉ်ငယ်များ ယာယီဖြတ်သန်း အသုံးပြုနိုင် ရေးအတွက် တံတားကြံ့ခိုင်မှုကို စနစ်တကျစစ်ဆေးပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ကျွမ်းကျင်အင်ဂျင်နီယာအဖွဲ့များ ဖြင့် စီစစ်တင်ပြရန် မှာကြားပြီး ဒေသခံ ကျေးရွာသားများနှင့် တွေ့ဆုံသည်။

မတ် ၁၅ ရက် နံနက်ပိုင်းတွင် ဇီဝဒမ်းလမ်းလုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရန်ကျန်ရှိနေသော လမ်းလုပ်ငန်းများကို မူလလျာထား စီမံချက်ထက် ဆောလျင်စွာပြီးစီးပါက ဒေသခံ တိုင်းရင်းသားများအနေဖြင့် ဒေသဖွံ့ဖြိုးရေး အသီးအပွင့်များ စောစီးစွာရရှိခံစားနိုင်မည်ဖြစ်ပြီး နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေဖြင့် ထိုက်တန်သည့် လုပ်ငန်း အရည်အသွေးများရရှိရေးနှင့် လေလွင့်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားပြီး ဇီဝဒမ်းစခန်း အနီးတွင် ကျောက်လမ်းခင်းခြင်း၊ တံတားနှင့် Box Culvert တည်ဆောက်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

မဂွေဇ - ခေါင်လန်ဖူး လမ်းသည်ယခုအခါ ပူတာအို - မဂွေဇ - ရီဒမ်း (မေခမြစ်ကူး ကြိုးတံတား)အထိ မော်တော်ယာဉ် ဖြင့် လည်းကောင်း၊ ရီဒမ်းမှ ခေါင်လန်ဖူးအထိ ဆိုင်ကယ်ဖြင့် လည်းကောင်း နေ့ချင်းပေါက်သွားနိုင်ပြီဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)