ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 19, 2021


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

အမိန့်အမှတ် ၂၅၄/၂၀၂၁

၁၃၈၃ ခုနှစ်၊ နယုန်လဆန်း ၉ ရက်

(၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁ ပုဒ်မခွဲ (ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (Coronavirus Disease 2019 - CoVID-19) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိရမှုများပြားလာပြီး ပိုးတွေ့နှုန်း မြင့်တက်လျက် ရှိပါသဖြင့် အဆိုပါမြို့နယ်တွင်နေထိုင်သည့် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်နေထိုင်ရန် (Stay at Home) လိုအပ်ပါသည်။

၂။ သို့ဖြစ်ပါ၍ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်ကြောင်း ကြေညာ လိုက်သည်။

၃။ အဆိုပါမြို့နယ်ရှိ နေအိမ်တွင်နေထိုင်ရေး (Stay at Home) အစီအစဉ်တွင် အကျုံးဝင်သော ပြည်သူများသည် အောက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် −

(က) မိမိနေအိမ်တွင်သာနေထိုင်ရန် (အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်သူများမပါ)။

(ခ) မဖြစ်မနေဈေးဝယ်ရန်အတွက် တစ်အိမ်လျှင် တစ်ဦးသာ သွားရောက်ရန်၊

(ဂ) ဆေးရုံ၊ ဆေးခန်း သွားရောက်ရန်ရှိပါက တစ်အိမ်လျှင်နှစ်ဦးသာ သွားရောက်ရန်၊

(ဃ) နေအိမ်မှ ပြင်ပသို့ သွားလာလျှင် ပါးစပ်/ နှာခေါင်းစည်း(mask) တပ်ရန်၊

(င) တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာမည့်သူများကို ပို့ဆောင်မည့်ယာဉ်များနှင့် ဖြတ်သန်းခွင့်ပြုထားသော ယာဉ်များကိုသာ ရပ်ကွက်ကျော်လွန်သွားလာခွင့်ပြုရန်၊

(စ) ရပ်ကွက်အတွင်း ဈေးဝယ်ခြင်းအတွက် ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် တစ်ဦး၊ ဆေးရုံ/ဆေးခန်း သွားရောက်ခြင်းအတွက်ယာဉ်မောင်းအပြင် ယာဉ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်၊

(ဆ) အဆိုပါမြို့နယ်မှ ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်များ သွားလာမှု စံသတ်မှတ်ချက် Standard Operating Procedure (SOP) အတိုင်း လိုက်နာ ဆောင်ရွက်ရန်။

၄။ အပိုဒ် ၃ အပိုဒ်ခွဲ(ခ)၊ (ဂ)နှင့် (စ) တို့ပါ ကိစ္စရပ်များတွင် သတ်မှတ်ဦးရေထက် ပိုမိုရန်ရှိလျှင် ဖြစ်စေ၊ အခြားအရေးပေါ်ကိစ္စရပ်များအတွက် သွားလာရန်ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့၍ ခွင့်ပြုချက်ဖြင့် သွားလာရန်နှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့သည် တာဝန်ရှိသူ၊ တာဝန်ထမ်းဆောင်ရန် သွားရောက် ပြန်လာသူများမှအပ ရပ်ကွက်ပြင်ပမှ လည်းကောင်း၊ ရပ်ကွက်အတွင်းမှလည်းကောင်း ဝင်/ထွက်ခွင့် မပြုရန်ဖြစ်သည်။

၅။ ဤအမိန့်ကို လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်သည်။

၆။ ဤအမိန့်သည် ၁၉-၆-၂၀၂၁ရက်၊ ၀၄:၀၀ နာရီအချိန်မှ စတင်သက်ရောက်သည်။

ဒေါက်တာသက်ခိုင်ဝင်း

ပြည်ထောင်စုဝန်ကြီး