ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တောင်ငူခရိုင်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများတွေ့ဆုံ


Ministry of Information/ Naypyitaw / November 10, 2020
image_latest


တောင်ငူ အောက်တိုဘာ ၂၇

ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဝင်းသိန်းသည် အောက်တိုဘာလ ၂၇ ရက်နေ့  နံနက် ၉ နာရီခွဲ အချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက်  တောင်ငူခရိုင်အတွင်းရှိ ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများ နှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွ ရွေးကောက်ပွဲအား  ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ပေးအပ်ထားပြီးဖြစ်ကြောင်း၊  မဲရုံ အတွင်းနှင့် အပြင်တွင်လည်း ကိုဗစ် - ၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို အသိပေး ဆိုင်းဘုတ်များ စိုက်ထူထားရှိရန် ၊ မဲဆန္ဒရှင်ပြည်သူများ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ မဲပေးနိုင်ရန်  နှင့် သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲဲ့ခွဲအလိုက် လိုအပ်ချက်များ တင်ပြပေးရန် ပြောကြားသည်။

ထို့နောက် တောင်ငူခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးထက်က တောင်ငူခရိုင်အတွင်း အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ မြို့နယ်များအလိုက်  ဆောင်ရွက်ထားရှိမှု အခြေအနေများ ၊ ခရိုင်အတွင်းရှိ မဲဆန္ဒရှင်များ၏ အခြေအနေ၊ မဲရုံဆောင်ရွက်ထားရှိမှုအခြေအနေ၊ ယာယီမဲရုံဆောက်လုပ်ရန် အ‌ခြေအနေ၊ မဲရုံသုံးပစ္စည်းများ ရရှိမှုအခြေအနေနှင့် ဝန်ထမ်းအင်အား အခြေအနေအား ရှင်းလင်းတင်ပြပြီး ခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ဇော်လွင်ဦး က ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက် ထားရှိမှု အခြေအနေများ ၊ မဲရုံလုံခြုံရေးအတွက် အထူးရဲများ သင်တန်းထားရှိမှု အခြေအနေများအား လည်းကောင်း ၊ ခရိုင်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာမီမီခင်က  မဲဆန္ဒရှင်ပြည်သူများ မဲပေးရာတွင်   ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ မဲပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း ၊ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ(ကိုယ်စား) ဦးစောဒိုနိုးက ခရိုင်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ အခြေအနေများ ၊ မြို့နယ်အလိုက် ကော်မရှင်အဖွဲ့ခွဲများ၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများ ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူး ၊ ရပ်ကွက် / ကျေးရွာ ကော်မရှင် အတွင်း ရေးမှူးများအား သင်တန်းပေးသည့် အခြေအနေများကို လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် တောင်ငူခရိုင်အတွင်းရှိ တောင်ငူ၊ အုတ်တွင်း ၊ ဖြူး ၊ ရေတာရှည် ၊ ထန်းတပင် နှင့် ကျောက်ကြီး မြို့နယ်များ မှ မြို့နယ် အုပ်ချုပ်ရေးမှူးများ နှင့်  ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌများက မိမိတို့မြို့နယ် အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ အခက်အခဲများ၊  လျှပ်စစ်မီးမရရှိသည့် မဲရုံများအတွက် လျှပ်စစ်မီးရရှိရန် ဆောင်ရွက်မည့် အခြေအနေများ ၊ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည့် အစီအမံများနှင့် မဲရုံများအလိုက်လိုအပ်ချက်များ တင်ပြကြရာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ တာဝန်ရှိသူများထံ ကျန်းမာရေးသုံး အထောက်အပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

တောင်ငူခရိုင်အတွင်း၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ နိုင်ရေးအတွက် မဲရုံပေါင်း (၉၆၉) ရုံ၊ မဲဆန္ဒရှင်ဦးရေ (၈၉၃၈၀၇ )ဦးရှိပြီး ဝန်ထမ်းအင်အားအနေဖြင့် မဲရုံအဖွဲ့ဝင်ပေါင်း   (၁၃၂၈၁)ဦး နှင့်  လုံခြုံရေးအတွက် အထူးရဲအင်အား (၉၆၉)ဦး အသုံးပြုကာ  နိုင်ငံရေး ပါတီ ပေါင်း(၁၄)ပါတီ ၊ တစ်သီးပုဂ္ဂလ (၁) ခု မှ  ကိုယ်စားလှယ်လောင်း ( ၁၀၅ ) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဇော်ထက် (တောင်ငူ)