ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်


Ministry of Information/ Naypyitaw / December 21, 2021
image_latest


နေပြည်တော်    ဒီဇင်ဘာ  ၂၁

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခချုပ် ဒေါက်တာသီတာလှ (ဆေးရုံအုပ်ကြီး/ ကုသရေး)၊ ဒေါက်တာထွန်းမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံကြီးများမှ ဆေးရုံအုပ်ကြီး များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးအတွက် ကြိုတင်ပြင်ဆင်ခြင်း ဆိုင်ရာလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဆောင်ရွက် သည်။

ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ နောက်ထပ်လှိုင်းအတွက် ကြိုတင်ပြင်ဆင်ရာတွင် ယခင် ကြုံတွေ့ ခဲ့ရသည့် အတွေ့အကြုံများအရ Delta Virus စတင်ဝင်ရောက်သည့်အချိန်တွင် ရောဂါပျံ့ပွားမှု မြန်ဆန်ခဲ့သော်လည်း ပြင်းထန်မှုသိပ်မရှိခဲ့ကြောင်း၊ သို့ရာတွင် ကူးစက်မှု မြန်ဆန်ပြီး လူအများစုတွင် ရောဂါလက္ခဏာများစတင်ပြသပြီးနောက် ရောဂါပြင်းထန်မှုမှာ လည်း မြင့်တက်လာခဲ့ကြောင်း၊ ထို့အပြင် သက်ကြီးမိဘ၊ ဖိုးဖွားများ၊ ရောဂါအခံရှိသူများတွင် ရောဂါပြင်းထန်လာခဲ့ပြီး သေဆုံးမှုများကိုလည်း ဝမ်းနည်းစဖွယ်ကြုံတွေ့ခဲ့ရကြောင်း၊ ယခု အချိန်အထိ နိုင်ငံတကာအတွေ့အကြုံနှင့် အချက်အလက်များမှ တစ်ဆင့်ရရှိသော အချက် အလက်၊ ကိန်းဂဏန်းများအရ Omicron မျိုးစိတ်သည် ရောဂါပျံ့ပွားမှု မြန်သော်လည်း ရောဂါ ပြင်းထန်မှုမရှိကြောင်း၊ အောက်ဆီဂျင်လိုအပ်မှုလည်းနည်းသည်ဟု သိရှိရပါကြောင်း၊ အဓိက အားဖြင့် တတိယလှိုင်းတွင်ကြုံတွေ့ခဲ့ရသည့် လူနာများဆေးရုံတက်ရောက် ကုသရေးဆိုင်ရာ သတင်းအချက်အလက်ပေးမှု အားနည်းချက်ရှိခြင်း၊ လူနာများညွှန်းပို့ရန်ခက်ခဲခြင်း၊ အောက်ဆီဂျင် လိုအပ်သလောက်မရရှိခြင်း၊ ဆေးများသိုလှောင်၍ ဈေးတင်ရောင်းချမှုများ ရှိခြင်း နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလွှမ်းခြုံမှု လိုအပ်သလောက် မရရှိခြင်း တို့ကိုကြုံတွေ့ခဲ့ရသဖြင့် အဆိုပါ အချက်များကို အလေးထားကြိုတင်ပြင်ဆင် ထားရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပြီး ပြည်ပမှပြန်လည် ဝင်ရောက်လာသူများအား ဆောင်ရွက်လျက်ရှိသည့် Quarantine Procedure များအား စည်းကမ်းချက်များကို တိကျစွာလိုက်နာ စေရန် ဆွေးနွေးသည်။

ယင်းနောက် ဆေးရုံအုပ်ကြီးများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများက ဆရာဝန်၊ ဆရာမများ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်နိုင်မှုအခြေအနေ၊ ဆေးရုံများရှိ ဆေးကုသဆောင်များ ဖွင့်လှစ်နိုင်မှုအခြေအနေ၊ Oxygen Plant၊ Liquid Oxygen၊ Oxygen Cylinder များရရှိ၊ သုံးစွဲနိုင်မှုအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါ နောက်ထပ်လှိုင်းအတွက်  ICU/HDU/ Isolation Ward များ ကြိုတင်ပြင်ဆင်ထားနိုင်မှု အခြေအနေ၊ Covid နှင့် Non-Covid လူနာများကိုလက်ရှိ ကုသပေးနိုင်မှု အခြေအနေများကို တင်ပြဆွေးနွေးကြ သည်။

ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များကို ပြန်လည်ဆွေးနွေးပြီး ဖြည့်ဆည်းပေးရမည့် နည်းလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါသောအဖွဲ့သည် ယနေ့၊  မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေး ခန်းတွင် ပုဂ္ဂလိကဆေးရုံများ၊ ဓာတ်ခွဲခန်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်ရာတွင် Vaccine Management Information System ၌ စနစ်တကျ စာရင်းသွင်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊  ပုဂ္ဂလိက ဆေးရုံ/ဆေးခန်းများနှင့် ဓါတ်ခွဲခန်းများတွင် ကိုဗစ်-၁၉ ရောဂါ ဓါတ်ခွဲ စမ်းသပ်စစ်ဆေးရာ၌ ပြည်သူလူထုအနေဖြင့် ကုန်ကျစရိတ် များပြားနေသည့် အတွက်ကြောင့်  သင့်လျော်သည့် ဈေးနှုန်းများဖြင့်လည်း ဆောင်ရွက်ပေးစေလိုကြောင်း၊ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် လုပ်ငန်းလိုင်စင်များ အသစ်လျှောက်ထား ခြင်းနှင့် သက်တမ်းတိုးရာတွင်လည်း တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက် ရမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားကာ တက်ရောက်လာ ကြသည့် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများမှ တာဝန်ရှိသူများက လက်ရှိကြုံတွေ့ရသည့် အခက်အခဲများ၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်များ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ပြင်ဆင်မှုများအကြောင်း ညှိနှိုင်းဆွေးနွေး ကြကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့မှ လိုအပ်သော လမ်းညွှန်မှုများ၊ ပေါင်းစပ်ပေးမှုများ ပြုလုပ်ခဲ့သည်။

(သတင်းစဉ်)