နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / June 04, 2019


(၄-၆-၂၀၁၉ ရက်၊ ပရာ့ဂ်မြို့)

ချက်သမ္မတနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ဝ၈၀ဝ နာရီတွင် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Tomáš Petříček က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တည်ခင်းသည့် အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အလုပ်သဘောနံနက်စာစားပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များမှတစ်ဆင့် နှစ်ဖက်ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်သွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အတွေ့အကြုံများ အပြန်အလှန် မျှဝေသွားရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီစ်နှင့်အတူ ချက်နိုင်ငံခြားရေးဝန်ကြီးဌာန၌ကျင်းပသည့် မြန်မာ-ချက် နှစ်နိုင်ငံ စီးပွားရေးဖိုရမ်သို့ တက်ရောက်ခဲ့ပါသည်။

ဖိုရမ်ဖွင့်ပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အမှာစကားပြောကြားသည်။

စီးပွားရေးဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ဦးသောင်းထွန်း၊ မြန်မာသံအမတ်ကြီး ဒေါ်ယဉ်ယဉ်မြင့်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ၊ ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြကြောင်း သိရှိရပါသည်။