အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး တိုင်ကြားမှု ယန္တရားမထူထောင်မီ တိုင်ကြားစာ လက်ခံဖြေရှင်းရေး လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရန် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ

အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး တိုင်ကြားမှု ယန္တရားမထူထောင်မီ တိုင်ကြားစာ လက်ခံဖြေရှင်းရေး လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရန် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်း အစည်းအဝေးကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 21, 2019
image_latest


နေပြည်တော် မေ  ၂၁

အဓမ္မခိုင်းစေမှု ပပျောက်ရေးနှင့် ပတ်သက်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism) မထူထောင်မီ တိုင်ကြားစာလက်ခံ ဖြေရှင်းရေး လုပ်ငန်းစဉ်များကို အတည်ပြုနိုင်ရန် အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီ (High Level Working Group - HLWG) ညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က မြန်မာနိုင်ငံအနေဖြင့် အဓမ္မ ခိုင်းစေမှု ဆိုင်ရာ ပြဌာန်းချက်အမှတ် ၂၉ ကို လက်ခံထားပြီး အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ တာဝန်ရှိမှုအရ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော်လည်း ၂၀၁၉ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် (၃၃၅) ကြိမ်မြောက် ILO အုပ်ချုပ်မှုအဖွဲ့ အစည်းအဝေးတွင် ILO ညွှန်ကြားရေးမှူးချုပ်မှ တင်ပြသည့် မြန်မာနိုင်ငံ ဆိုင်ရာ အစီရင်ခံစာတွင် ပဋိပက္ခဖြစ်ပွားနေသည့် ဒေသများ၌ အဓမ္မခိုင်းစေမှုများ ရှိနေသေးသည်ဟု ဖော်ပြထားပါကြောင်း။

သို့ဖြစ်ပါ၍ အဓမ္မခိုင်းစေမှုပပျောက်ရေးနှင့် ပတ်သတ်ပြီး အစိုးရအနေဖြင့် နိုင်ငံတဝန်းလုံး လွှမ်းခြုံနိုင်သည့် လုပ်ငန်းစီမံချက် လက်တွေ့ အကောင်အထည်ဖော်ရေးနှင့် အမျိုးသားအဆင့် အဓမ္မ ခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရား (National Complaints Mechanism - NCM ) ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊၂၀၁၉ခုနှစ်၊ မတ် ၄ ရက်မှ ကျင်းပခဲ့သည့် High Level Working Group- HLWG အစည်းအဝေးတွင် ILO မှ အဆိုပြုလာသည့် အဓမ္မခိုင်းစေမှုပပျောက်ရေး လုပ်ငန်းစီမံချက် (Action Plan)နှင့်အတူ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးတိုင်ကြားမှု ယန္တရား (National Complaint Mechanism) ထူထောင်ရေး၊ အမျိုးသားအဆင့်တိုင်ကြားမှု ယန္တရားမထူထောင်မီ ကြားကာလအတွင်း တိုင်ကြားစာများ လက်ခံ ဖြေရှင်းရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ ဌာနများ၏ သဘောထား မှတ်ချက်များ ပေးပို့ခဲ့ပါကြောင်း၊ ဌာနများ၏ အကြံပြုချက် သဘောထားမှတ်ချက်များနှင့်အညီ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုပပျောက်ရေး တိုင်ကြားမှုယန္တရားကို အလုပ်သမားရေးရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်း ကော်မတီတွင် ပြုပြင် ရေးဆွဲထားပါကြောင်း၊ ရေးဆွဲထားသည့် အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေး တိုင်ကြားမှု ယန္တရားနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကော်မတီဝင်များမှ ရင်းနှီးပွင်လင်းစွာ အကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင် က ဝန်ကြီးဌာနများမှ ပေးပို့လာသည့် သဘောထား မှတ်ချက်များနှင့် လုပ်ငန်းစီမံချက်၊ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးတိုင်ကြားမှု ယန္တရားနှင့် အဆိုပါယန္တရား မထူထောင်မီ တိုင်ကြားစာ လက်ခံဖြေရှင်းရေး လုပ်ငန်းစဉ်တို့အား ရှင်းလင်း တင်ပြရာ တက်ရောက်လာသည့် ကော်မတီဝင်များမှ လိုအပ်ချက်များကို ဝိုင်းဝန်းအကြံပြု ဖြည့်စွက် ဆွေးနွေး အတည်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)