ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင် တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အရှေ့ပိုင်း ခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင် တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံပွဲကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 19, 2019
image_latest


ရန်ကုန် မေ ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန် အရှေ့ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ် ဆရာ ဆရာမများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ စန္ဒိမာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းအပ်နှံ ရေးသီတင်းပတ်ကို မေ (၂၅) ရက်မှစ၍ ကျောင်းစတင်ဖွင့်သည့် ဇွန် (၁) ရက်မှ မတ် (၃၁) ရက်အထိ ဆောင်ရွက်မည်ဖြစ်သဖြင့် ဆရာ ဆရာမများ အားလုံး၊ ကျောင်းအုပ်ကြီးများ အားလုံးက မိဘအုပ်ထိန်းသူ ပြည်သူများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ ပညာရေး အရည်အသွေး ကောင်းမွန်စေရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် ကြသည့်အတွက် ကျေးဇူးတင်ရှိ ပါကြောင်း၊ ကျောင်းအပ်နှံရာတွင် မည်သည့်ခွဲခြားမှုမျှမရှိဘဲ ကျောင်းအပ် လက်ခံရမည်ဖြစ်ပြီး မည်သည့်ငွေကြေး၊ လက်ဆောင်ပစ္စည်းကိုမျှ လက်ခံခြင်းမပြုလုပ်ရန် အသိပေးပြောကြားလိုကြောင်း။

ပညာရေးအရည်အသွေးရှိပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများကိုကြည့်ပါက စာမေးပွဲရမှတ်များများ ရရှိရန် သင်ယူခြင်း မဟုတ်ဘဲ သင်ယူပြီးရင်း တစ်သက်တာ သင်ယူရန်အတွက် နက်နက်နဲနဲ သင်ယူခြင်း ဖြစ်ပါကြောင်း၊ ဆရာဗဟိုပြုသင်ကြား သင်ယူခြင်း မဟုတ်ဘဲ သင်ယူသူဗဟိုပြု သင်ကြားသင်ယူခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ စစ်ဆေးအကဲဖြတ်ခြင်းအတွက် စစ်ဆေးမှုများကို ဇူလိုင်/ဩဂုတ်တွင် (၁)ကြိမ်၊ နှစ်လယ် စာမေးပွဲကို အောက်တိုဘာလတွင် (၁)ကြိမ်၊ ဒီဇင်ဘာ လတွင် စစ်ဆေးအကဲဖြတ်မှု (၁) ကြိမ်၊ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီလနှင့် မတ်လများတွင် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စတုတ္ထတန်း (Grade-5)၊ အဋ္ဌမတန်း(Grade-9)နှင့် တက္ကသိုလ်ဝင် စာမေးပွဲများကို ပုံမှန်ဆောင်ရွက်ပြီး ကျန်အတန်းများကို မတ်လအကုန်တွင် စစ်ဆေးအကဲဖြတ်ခြင်းများကို ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊၊

ကျောင်းသား ကျောင်းသူအားလုံးအတွက် အရည်အသွေးရှိသော ပညာရေးစနစ်ဖြင့် နိုင်ငံတကာ နှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိလာစေရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး တာဝန်ယူ တာဝန်ခံ ပူးပေါင်း ဆောင်ရွက်တတ်ပြီး ဆန်းသစ်တီထွင်တတ်သည့် လူသားကောင်းများဖြစ်လာစေရေး အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက် ကြစေလိုကြောင်းဖြင့် ပြောကြား သည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက အခြေခံပညာရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများနှင့် ပညာရေးမူဝါဒလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ကျောင်းအုပ်ကြီးများက သိရှိလိုသည်များကို မေးမြန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဖြေကြားကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် ညနေပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)ရှိ အမှတ်(၁၈) အခြေခံပညာ အလယ်တန်းကျောင်းခွဲ (ရှမ်းတဲကြီး) ၌ ကျင်းပသည့် ပထမအကြိမ် နွေရာသီအင်္ဂလိပ်စာ၊ ကွန်ပျူတာသင်တန်းဆင်းပွဲနှင့် ကွန်ပျူတာပေးအပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ သည်။

ပြည်ထောင်စုဝန်ကြီးသည် မေ ၁၈ ရက် နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင်တို့မှ ကျောင်းအုပ်ဆရာ ဆရာမများနှင့်တွေ့ဆုံခဲ့သည်။

(သတင်းစဉ်)