ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် မုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / May 19, 2019
image_latest


နေပြည်တော် မေ ၁၉

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်သည် မေ ၁၈ ရက်တွင် မကွေး တိုင်းဒေသကြီး စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံနှင့် ပွင့်ဖြူမြို့နယ်ရှိ ကြီးအုံကြီးဝ ရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံများသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း၊ မုန်းချောင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ကြီးအုံကြီးဝရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံ စက်ရုံမှူးများက ဓာတ်အားပေး စက်ရုံများဆိုင်ရာ အချက်အလက်များ၊ နှစ် အလိုက်ဓာတ်အားထုတ်လုပ်မှု၊ ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ လက်ရှိရေ သိုလှောင်ထိန်းသိမ်းထားရှိမှု အခြေအနေ၊ နိုင်ငံတော်ဓာတ်အားစနစ်နှင့်ချိတ်ဆက်၍ ဓာတ်အား ဖြန့်ဖြူးပေးထားမှု အခြေအနေနှင့် ဓာတ်အားပေးစက်များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြရာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖြည့်စွက် ရှင်းလင်းတင်ပြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မုန်းချောင်းဆည်နှင့် ကြီးအုံကြီးဝဆည်တို့သည် မုန်းချောင်းပေါ်တွင် တည်ဆောက်ထားခဲ့သော ဆည်များဖြစ်သည့်အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ပေးဝေလျက်ရှိသော နွေစပါး၊ မိုးစပါး စိုက်ပျိုးရေ ရရှိရေးတို့ကိုပါ တွဲဘက်အကောင်ထည်ဖော်ထားသည့် ဆည်များ ဖြစ်သည့် အလျှောက် မိမိတို့ဝန်ကြီးဌာန၏ လျှပ်စစ်မီးရရှိရေးအတွက် ဆည်ရေအားမောင်းနှင်ရသကဲ့သို့ စိုက်ပျိုးရေအား သတ်မှတ်ချိန်များတွင် တောင်သူများရရှိရေး ဆောင်ရွက်ရမည်ဖြစ်၍ သက်ဆိုင်ရာဆည်မြောင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ ပြည်သူလူထု ထိခိုက်မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ကြရန်၊ သတ်မှတ်သည့် အနိမ့်ဆုံး ရေအမှတ်များသို့ ရောက်ရှိခါနီးအချိန်တွင် စက်များ၏မောင်းနှင်မှုကို ထိခိုက်မှုမရှိစေရေး နိုင်ငံတော်ဓာတ်အားစနစ်၏ လိုအပ်ချက်အပေါ် ရုံးချုပ်၏ထိန်းညှိမှုများအရ နည်းပညာလုပ်ငန်းစဉ်များအတိုင်း စနစ်တကျ မောင်းနှင် သွားကြရန်၊ စက်ရုံရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စက်စွမ်းအားပြည့် မောင်းနှင်ထုတ်လုပ်နိုင်ရေး အတွက် ဓာတ်အားပေးစက်များ ကြံ့ခိုင်ရေးကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားကြရန်၊ ဓာတ်အားပေးစက်ရုံများသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စက်ရုံကြီးများဖြစ်သည့် အတွက် စက်ရုံရေရည်တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားသည်။

ယင်းနောက် ဓာတ်အားပေးစက်ရုံများရှိ ဓာတ်အားထိန်းချုပ်ခန်းနှင့် တာဘိုင်စက်ခန်းများ အတွင်း ဓာတ်အားပေးစက်များ မောင်းနှင်၍ ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးပေးနေမှု အခြေအနေ နှင့် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှု၊ ရေသို လှောင်ထားရှိမှု၊ ရေယူအဆောက်အဦနှင့် ရေပိုလွှဲတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မုန်းချောင်းပေါ်ရှိ မုန်းချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် (၇၅) မဂ္ဂါဝပ်နှင့် ကြီးအုံကြီးဝ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် (၇၄) မဂ္ဂါဝပ်တို့ဖြင့် တည်ဆောက်ခဲ့ သော်လည်း ရာသီဥတုပြင်းထန်သဖြင့် လက်ရှိကာလတွင် ရေလှောင်တမံများအတွင်း သိုလှောင်ရေ လက်ကျန် နည်းပါးလာသည့်အတွက် မုန်းချောင်းရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံမှ (၁၆) မဂ္ဂါဝပ်နှင့် ကြီးအုံကြီး၀ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံမှ (၁၄) မဂ္ဂါဝပ် နိုင်ငံတော် ဓာတ်အားစနစ်အတွင်းသို့ ထုတ်လုပ်ပေးပို့လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)