အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာအဖွဲ့ကြီး၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ

အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာအဖွဲ့ကြီး၏ နှစ်ပတ်လည်အစည်းအဝေး ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 12, 2019
image_latest


နေပြည်တော် မတ် ၁၁

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြနှင့်အဖွဲ့ဝင် ဦးညွန့်ဆွေတို့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ အဆောက်အအုံ၌ မတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပသော အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည် အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့ရှိ
အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးကို ကုလသမဂ္ဂက ကမကထပြု၍ ဖွဲ့စည်းထားပြီး လက်ရှိအချိန်တွင် အဖွဲ့ဝင် အဖွဲ့အစည်းပေါင်း ၁၂၂ ဖွဲ့ရှိသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို အဆိုပါ အဖွဲ့ကြီးက ၂၀၁၆ ခုနှစ် ဇန်နဝါရီမှ စတင်၍ အဖွဲ့ဝင်အဖြစ် လက်ခံခဲ့သည်။
အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် အဆိုပါ ကမ္ဘာ့အဖွဲ့ကြီး၏ နှစ်ပတ်လည် အစည်းအဝေး အပြင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ၏ လူ့အခွင့်အရေးအတွက် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများက ၎င်းတို့၏ တာဝန်ဝတ္တရားများနှင့်အညီ ဆောင်ရွက်ရေးကိစ္စ အသိပညာဖလှယ်မှုဆွေးနွေးပွဲသို့ လည်းကောင်း၊ အမျိုးသားလူ့ အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးပေါင်းကျင်းပသော ဆွေးနွေးပွဲဖြစ်သည့် ရွေ့ပြောင်းသွားလာမှုနှင့်စပ်လျဉ်း၍ ကမ္ဘာ့လုံးဆိုင်ရာ သဘောတူညီချက်ကို အကောင်အထည် ဖော်ရာတွင် လူ့အခွင့်အရေးကိုအခြေခံ၍ အမျိုးသမီးအခွင့်အရေး အလေးထား ဆောင်ရွက်ရေး ဆွေးနွေးပွဲသို့လည်းကောင်း၊ အာရှ-ပစိဖိတ် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် အစည်းအဝေးသို့ လည်းကောင်း၊ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ ဖိုရမ်နှင့် ဂျီနီဗာမြို့ အခြေစိုက် ညှဉ်းပန်းနှိပ်စက်မှု တားဆီးကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းနှစ်ရပ် ပူးပေါင်း ဆောင်ရွက်ရေး အစည်းအဝေးသို့ လည်းကောင်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်