နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ ဧကူနဝီသတိမ အစည်းအဝေး ပထမနေ့ကျင်းပ

နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ (၄၇) ပါး စုံညီ ဧကူနဝီသတိမ အစည်းအဝေး ပထမနေ့ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / March 12, 2019
image_latest


ရန်ကုန် မတ် ၁၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ဧကူနဝီသတိမ အစည်းအဝေး ပထမနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာ ဓမ္မသဘင်၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးနှင့် ဦးမိုးဇော်ရွှေ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ် (စီမံ) ဦးစိုးမင်းထွန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနမှ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြည်ညိုကြသည်။
အစည်းအဝေးတွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်က သဘာပတိအဖြစ် ဆောင်ရွက်တော်မူပြီး တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသာရက အခမ်းအနားမှူးအဖြစ် ဆောင်ရွက်တော်မူသည်။
▲▲ထမြောက်အောင်မြင်▲▲
အခမ်းအနားမှူး ဆရာတော်က အစည်းအဝေးစတင်ကြောင်းနှင့် ကြွရောက်တော်မူလာကြသော နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထားပြီး အစည်းအဝေး ထမြောက်အောင်မြင်ကြောင်း ကြေညာသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီးက အစည်းအဝေးဖွင့် သာရဏီယ ဩဝါဒကထာ မြွက်ကြားတော်မူသည်။
▲▲ပြုပြင်ကြပ်မတ်ပေး▲▲
ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက သာသနာရေးဆိုင်ရာများ လျှောက်ထားရာတွင် ယခုအခါ ရဟန်းသာမဏေအချို့သည် ဘုရားရှင်၏ ပညတ်ထားသော ဝိနည်းတော်နှင့်ဆန့်ကျင်သော လောင်းကစားမှုများကိုပြုလုပ်ခြင်း၊ လူစည်ကားရာ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ၌ နေလွဲညစာသုံးဆောင်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ လက်ခံခြင်းစသော သမဏသာရုပ္ပမဖြစ်သော ကိစ္စရပ်များကို ပြုလုပ်လျက်ရှိသည်ကို ကြားသိနေရပါကြောင်း၊ အဆိုပါအမှုများကို တွေ့မြင်ရသူ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမများအနေဖြင့် လွန်စွာစိတ်မချမ်းမသာဖြစ်နေကြရပါကြောင်း၊ ထို့အပြင် ''ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်'' ဆိုသကဲ့သို့ အနည်းစုသော အကျင့်ပျက် ရဟန်းသာမဏေအချို့ကို အကြောင်းပြု၍ သီလဝန်ဂုဏဝန်ဖြစ်တော်မူကြသော သာသနာ့ ဝန်ထမ်းရဟန်းသာမဏေ အများစုတို့၏ ဂုဏ်သိက္ခာတို့ကို များစွာကျဆင်းသွားစေနိုင်ပါကြောင်း၊ သို့ဖြစ်သောကြောင့် ဆရာတော်ကြီး များအနေဖြင့် အကျင့်ပျက်ရဟန်းသာမဏေများကို ပြုပြင်ကြပ်မတ်ပေးမှသာလျှင် သာသနာတော်ကြီး၏ ဂုဏ်သိက္ခာကို မြှင့်တင်နိုင်မည်ဖြစ်ပါကြောင်း။
သာသနာ့အလံတော်နှင့်ပတ်သက်၍ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့် သံဃနာယကလက်စွဲတို့၌ ပြည့်စုံစွာပြဋ္ဌာန်းထားပါကြောင်း၊ သာသနာ့အလံတော်၏ အရွယ်အစားကိုပြု လုပ်ရာတွင်-
- အလျား ၉ပေ၊ အနံ ၅ ပေ တစ်မျိုး
- အလျား ၄ ပေ ၆ လက်မ၊ အနံ ၂ ပေ ၆ လက်မ ၁ မျိုး
- အလျား ၂ ပေ ၃ လက်မ၊ အနံ ၁ ပေ ၃ လက်မ ၁ မျိုး
- အလျား ၉ လက်မ၊ အနံ ၅ လက်မ ၁ မျိုး
အချိုးညီစွာ ပြုလုပ်ရမည်
အရွယ်အစား ၄ မျိုး အသုံးပြုနိုင်ကြောင်း ပြဋ္ဌာန်းထားပါ ကြောင်း၊ အရောင်အသွေး ပြုလုပ်ရာ၌ အလျားကို အညီအမျှ ၆ ချိုး ချိုး၍ လက်ဝဲဘက်မှ စတင်ကာ အစဉ်အတိုင်း အပြာ ရင့်ရောင်၊ အဝါရင့်ရောင်၊ အနီရင့်ရောင်၊ အဖြူရင့်ရောင်၊ ပန်းနုရောင်တို့ကို အချိုး ၅ ချိုးတွင် အချိုးညီစွာ ပါဝင်စေရန်နှင့် အပြာရင့်၊ အဝါရင့်၊ အနီရင့်၊ အဖြူ၊ ပန်းနုရောင်တို့ကို ၆ ခုမြောက်အချိုးတွင် အချိုးညီစွာပြုလုပ်ရမည်ဟု ပြဋ္ဌာန်းထားပြီး ဖြစ်ပါကြောင်း။
သာသနာ့အလံတော်ကို အသုံးပြုသည့် နေ့ရက်များ၊ အသုံးပြုနိုင်သည့် ပွဲတော်များ၊ သာသနာ့ အလံတော် လွှင့်ထူပုံများ၊ ထိန်းသိမ်းစောင့်ရှောက်လေးစားသမှုပြုရမည့် သတ်မှတ်ချက် များနှင့် တားမြစ်ချက်များကိုလည်း ပြည့်စုံစွာပြဋ္ဌာန်းထားသည်ကို လေ့လာသိရှိရပါကြောင်း။
▲▲မသိကျိုးကျွန်ပြုလျက်ရှိ▲▲
သာသနာ့အလံ အရွယ်အစား အရောင်သတ်မှတ်ချက်ကို ပြည့်စုံစွာဖော်ပြထားသော်လည်း သတ်မှတ်ချက်အတိုင်း မဟုတ်ဘဲ အရွယ်အစား၊ အရောင်အသွေးတို့ကို ပြုပြင်ချုပ်လုပ်ခြင်းနှင့် မလျော်ညီသည့်နေရာတွင် အသုံးပြုနေကြခြင်းများကို သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်နှင့် ရဟန်းသာမဏေများ ကိုယ်တိုင်က မိမိတို့နှင့် မသက်ဆိုင်သကဲ့သို့လည်းကောင်း၊ မိမိတို့မှ တာဝန်မရှိသကဲ့သို့လည်းကောင်း၊ ပြုမူဆောင်ရွက်လျက် ရှိနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါကြောင်း၊ အထူးအားဖြင့် ရပ်/ကျေး၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်များ ကိုယ်တိုင်က သာသနာ့အလံတော်သုံးစွဲမှုကို ကြီးကြပ်ကွပ်ကဲမှု မရှိရုံမျှမက မသိကျိုးကျွန်ပြုလျက်ရှိနေသည်ကို တွေ့မြင် နေရပါကြောင်း။
သံဃနာယက လက်စွဲ အခန်း ၂၉ အပိုဒ် ၃၁၇ အပိုဒ်ခွဲ (က) ၌ သာသနာ့အလံတော်ကို ရဟန်းတော်များ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘုရားဖူးယာဉ်အမျိုးမျိုး၌ တပ်ဆင်အသုံး မပြုရဟုတိုက်ရိုက်တားမြစ်ထားသော်လည်း အချို့သော ရဟန်းရှင်လူများက ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက် ရှိသည်ကို လည်းကောင်း၊ အပိုဒ် ၃၁၇၊ အပိုဒ် (ခ) ၌ လမ်းဘေး၊ လမ်းဆုံလမ်းခွ၊ မော်တော်ယာဉ်ဆိပ်၊ ရေဆိပ်၊ ဈေး စသောနေရာ တို့၌ အကြောင်းမဲ့သက်သက် သာသနာ့ အလံတော်ကို အသုံးမပြုရဟု သတ်မှတ်ထား သော်လည်း လိုက်နာမှုမရှိ၊ တားမြစ်မှုမရှိ ဖြစ်နေကြသည်ကိုလည်းကောင်း တွေ့မြင်နေရပါကြောင်း၊ ကြီးကြပ်မှုမရှိကြသဖြင့် မထီမဲ့မြင်ပြုကာ သာသနာ့အလံတော်ကို နိုင်ငံရေးဆန္ဒဖော်ထုတ်ပွဲတွင် အသုံးပြုသည်အထိ အတင့်ရဲစွာ ဆောင်ရွက်လာသည်ကို တွေ့ရှိနေရပါကြောင်း။
သို့ဖြစ်၍ ဗုဒ္ဓသာသနာ၏ အထွတ်အမြတ်ဖြစ်သော သာသနာ့အလံတော်ကို သံဃာ့အဖွဲ့အစည်း လုပ်ထုံးလုပ်နည်း၊ သံဃနာယက လက်စွဲပါ သတ်မှတ်ချက်များနှင့်အညီ အလေးဂရုပြု၍ သုံးစွဲကြစေရေးအတွက် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်သို့ ကြီးကြပ်ကွပ်ကဲပေးရန် ဩဝါဒပေးညွှန်ကြားသင့်သည်ဟု အကြံပြုလျှောက်ထားလိုပါကြောင်း။
▲▲တိကျသေချာမှု အားနည်းလျက်ရှိ▲▲
ဘုရားတပည့်တော်တို့အနေဖြင့် နှစ်စဉ်ဝါဆို သံဃာစာရင်းများ ပုံမှန်ကောက်ယူလျက်ရှိရာမှာ အခြေခံဒေသဖြစ်သော ရပ်ကွက်/ကျေးရွာ အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းအများစုကို ကွင်းဆင်းကောက်ယူနိုင်သော်လည်း အချို့သောရပ်ကွက်/ကျေးရွာများရှိ ဘုန်းတော်ကြီး ကျောင်းများကိုမူ ရုံးစာဖြင့် အကြောင်းကြားကောက်ယူရ သည်များရှိသောကြောင့် ဝါဆိုသံဃာစာရင်း တိကျသေချာမှု အားနည်းလျက်ရှိသည်ကိုလည်း စိစစ်တွေ့ရှိရပါကြောင်း။
▲▲ဝါဆိုသံဃာစာရင်း ကောက်ယူ▲▲
ထို့ကြောင့် ဝါဆိုသံဃာ စာရင်းတိကျမှန်ကန်စွာ စာရင်းရရှိရေးအတွက် ယခုနှစ်တွင် မြို့နယ်ပေါင်း ၃၃၀ ရှိ ဘုန်းကြီးကျောင်း ပေါင်း ၆၆၆၀၀ ကျော်နှင့် သီလရှင်ကျောင်းပေါင်း ၄၅၀၀ ကျော် တို့ကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဆောင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန အပါအဝင် အခြားသော ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းကာ မြို့နယ်/ ကျေးရွာအလိုက် ဝါဆိုသံဃာစာရင်းကွင်းဆင်း ကောက်ယူရေး အဖွဲ့များ ဖွဲ့စည်းပြီး Software များအသုံးပြုကာ ကောက်ယူ သွားမည်ဖြစ်သည်ဟု အသိပေးလျှောက်ထားအပ်ပါ ကြောင်း။
▲▲တည်တံ့ပြန့်ပွားနိုင်မည်▲▲
နိဂုံးချုပ်အားဖြင့် မြတ်စွာဘုရားရှင်၏ သာသနာတော်မြတ်ကြီး သန့်ရှင်းတည်တံ့ပြန့်ပွားရေးကို ဆောင်ရွက်ရာ၌ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ဂန္ထဓုရ၊ ဝိပဿနာဓုရဟူသော ဓမ္မာနုဂ္ဂဟဖြင့် သာသနာတော်မြတ်ကြီးအား ချီးမြှောက် ထောက်ပံ့သဖြင့် လည်းကောင်း၊ ဘုရားတပည့်တော်တို့ ဒါယကာ၊ ဒါယိကာမ အပေါင်း သူတော်ကောင်းတို့ကလည်း ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဟူသော ပစ္စယာနုဂ္ဂဟဖြင့် ချီးမြှောက်ထောက်ပံ့သဖြင့်လည်းကောင်း၊ ဤသို့ ဆရာဒကာ လက်တွဲညီစွာ ပစ္စယဓမ္မာ နှစ်ဖြာနုဂ္ဂဟ ချီးမြှောက်ထောက်ပံ့ကြပါလျှင် မြတ်ဗုဒ္ဓဘုရားရှင်၏ သာသနာတော်မြတ်ကြီးသည် အနှစ်ငါးထောင်မက ကြာအောင် တည်တံ့ပြန့်ပွားနိုင်မည်ဖြစ်ပါ ကြောင်း လျှောက်ထားသည်။ ယင်းနောက် သတ္တမအကြိမ် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ (ပထမအဖွဲ့ ခွဲ) ၏ ဆဋ္ဌမအကြိမ် တာဝန်ကျရာကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို တာဝန်ကျအဖွဲ့ ခွဲ၏ ကိုယ်စား တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကောဝိဒက တင်သွင်းလျှောက်ထားသည်။
▲▲ကဏ္ဍအလိုက် တင်သွင်းလျှောက်ထား▲▲
ထို့နောက် သတ္တမအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (ပထမ အဖွဲ့ခွဲ) ၏ ဆဋ္ဌအကြိမ် တာဝန်ကျရာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာအကျဉ်းကို အဖွဲ့ဝင်ဆရာတော်ကြီးများက ကဏ္ဍအလိုက် တင်သွင်းလျှောက် ထားကြသည်။
ယင်းနောက် သာသနာ့ရေးရာကိစ္စများ၊ ဝိနိစ္ဆယဆိုင်ရာ ကိစ္စများ၊ ပညာရေးဆိုင်ရာ ကိစ္စများကို တင်ပြလျှောက်ထားကြရာ တာဝန်ကျအဖွဲ့ခွဲ ဆရာတော်ကြီးများက ဝေဖန်ဆွေးနွေးတော်မူကြပြီး အစည်းအဝေး ပထမနေ့ကို မွန်းလွဲပိုင်းတွင် ရပ်နားသည်။
▲▲အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း▲▲
ယနေ့အစည်းအဝေးသို့ ကြွရောက်တော်မူလာကြသည့် နိုင်ငံတော် သံဃမဟာနာယကဆရာတော်ကြီးများအား အရုဏ်ဆွမ်း အလှူရှင်အဖြစ် ဖခင် ဦးမောင်မောင် + မိခင် ဒေါ်ခင်ခင်ကြီးတို့အား ရည်စူး၍ သမီးပြုံးဝေသီ (သဒ္ဓမ္မဇောတိကဓဇ)၊ နေ့ဆွမ်း အလှူရှင်အဖြစ် ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)မဟာသရေ စည်သူ ဦးရဲမြင့်နှင့်ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့် မိသားစုတို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
သတင်းစဉ်