မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့် အစီရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့် အစီရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / November 28, 2019
image_latest


 

နေပြည်တော် နိုဝင်ဘာ ၂၈

မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာရေးစနစ်အပေါ် သုံးသပ်ထားသည့် အစီရင်ခံစာ စတင် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော် မင်္ဂလာသီရိ ဟိုတယ်၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက GIZ ၏ ကူညီထောက်ပံ့မှု၊ UNESCO ၏ နည်းပညာထောက်ပံ့မှုများနှင့်အတူ ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ နည်းပညာသက်မွေးပညာရေးနှင့် လေ့ကျင့်ရေးကဏ္ဍအပေါ် လေ့လာသုံးသပ်မှုအစီရင်ခံစာ Myanmar TEVT System Review Report မှတစ်ဆင့် လာမည့် NESP (၂၀၂၁-၂၀၃၀) တွင်မြန်မာနိုင်ငံ၏ TVET ကဏ္ဍနှင့်စပ်လျဉ်း၍ ထည့်သွင်းဆောင်ရွက်နိုင်မည့် ရလဒ်ကောင်း များရရှိနိုင်မည် ဖြစ်ပါကြောင်း။

TVET ကဏ္ဍတွင် ဒေသအကျိုးပြုကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ စွမ်းဆောင်ရည် မြင့်မားသောသင်တန်းဆရာများ ခန့်ထားရန် စီစဉ်ဆောင်ရွက်ခြင်း၊ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဒီဂျစ်တယ်နည်းပညာများအသုံးပြု၍ ဆန်းသစ်တီထွင်မှုများအားပေးပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ဟန်ချက်ညီသော ဖွံ့ဖြိုးမှု စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရန် အားလုံးအတူဝိုင်းဝန်း ကြိုးပမ်းကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ထို့နောက် (GIZ) ၏ Head of TVET Project ဖြစ်သူ Mr.Eiko Kauffmann က ရှင်းလင်းပြောကြားသည်။ယင်းနောက် UNESCO Myanmar ၏ Head of Office ဖြစ်သူ Ms. Min Jeong Kim က Myanmar TEVT System Review အစီရင်ခံစာစာအုပ်ပြုစုရေးသားခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် GIZ နှင့် UNESCO Myanmar တို့၏ တာဝန်ရှိသူများက Myanmar TEVT System Review အစီရင်ခံစာ စာအုပ်အား ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံရယူသည်။

ဆက်လက်၍ Myanmar TEVT System Review တွင် ပါရှိသည့် ဦးစားပေး ဆောင်ရွက်ရ မည့် မဟာဗျူဟာများ၊ မူဝါဒများအား ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးဖလှယ်ခြင်းနှင့် မြန်မာနိုင်ငံ၏ နည်းပညာနှင့် သက်မွေးပညာကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆွေးနွေးတင်ပြကြသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီများမှ ဥက္ကဋ္ဌများ၊ အမျိုးသားပညာရေး မူဝါဒကော်မရှင် (NEPC) ၊ အမျိုးသားသင် ရိုးညွန်းတမ်းကော်မတီ (NCC) နှင့် ပါမောက္ခချုပ်များကော်မတီ၊ အမျိုးသားအဆင့် တရားဝင် အသိအမှတ်ပြုမှုနှင့် အရည်အသွေး အာမခံမှုဆိုင်ရာ လုပ်ငန်းကော်မတီ(NAQAC)တို့မှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

(သတင်းစဉ်)