တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၁၆)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးသို့ တက်ရောက်


ပြန်ကြားရေးဝန်ကြီးဌာန/ Thailand / March 08, 2019
image_latest


နေပြည်တော် မတ် ၇

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့တွင် ထိုင်းနိုင်ငံ ပတ္တရား မြို့ ရှိ Royal Cliff ဟိုတယ်၌ကျင်းပပြုလုပ်သည့် (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေး (16th ACDFM) သို့ တက်ရောက်သည်။

 

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ၊ အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက် ရောက်ကြသည်။

 

ရှေးဦးစွာ အစည်းအဝေးသဘာပတိ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri က (၁၆) ကြိမ်မြောက်အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အစည်းအဝေး အဖွင့် အမှာစကားပြောကြားပြီး အခမ်းအနား တက်ရောက် လာကြသည့် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ထို့နောက် အာဆီယံတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေး (16th ACDFM) ဗီဒီယိုမှတ်တမ်း အား ကြည့်ရှုကြသည်။

 

ဆက်လက်ပြီး 16th ASEAN Military Intelligence Informal Meeting အစည်းအဝေး ရလဒ်အား ထိုင်းဘုရင့်တပ်မတော်ထောက်လှမ်းရေးမှူးချုပ် Lieutenant General Nothapol Boonngam က လည်းကောင်း၊ 9th ASEAN Military Operations Informal Meeting ၏ ရလဒ်အား ထိုင်းဘုရင့် တပ်မတော်စစ်ဆင်ရေးမှူးချုပ် Lieutenant General Suphot Malaniyom က လည်းကောင်း အသီး သီးတင်ပြကြသည်။

 

ယင်းနောက် အစည်းအဝေးသဘာပတိ ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ponpipat Benyasri ဦးဆောင်၍ အာဆီယံနိုင်ငံများမှ တပ်မတော်အကြီးအကဲ များက သက်ဆိုင်ရာ ခေါင်းစဉ်များအား နိုင်ငံအက္ခရာစဉ်အလိုက် ဆွေးနွေးကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “အာဆီယံ၏ ရေရှည်တည်တံ့ ခိုင်မြဲသော လုံခြုံရေးအတွက် အကြမ်းဖက်မှုတန်ပြန် နှိမ်နင်းရေး” အတွက် ဆွေးနွေးပြောကြားသည်။

 

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးနှင့် အဖွဲ့သည် ထိုင်းဘုရင့် တပ်မတော် ကာကွယ် ရေးဦးစီးချုပ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ယင်းနောက်အစည်းအဝေးဒုတိယပိုင်းအား ဆက်လက်ကျင်းပရာ အာဆီယံ တပ်မတော်များ ၏ ၂၀၁၈ -၂၀၁၉နှစ် နှစ်လုပ်ငန်းစီမံချက်အားဆွေးနွေးကြပြီး (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ် ရေးဦးစီးချုပ်များ အစည်းအဝေး ပူးတွဲကြေညာချက်ကို လက်မှတ်ရေးထိုးကြသည်။

 

ထို့နောက် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိဂုံးချုပ်နှုတ်ခွန်းဆက် စကား ပြောကြားပြီး (၁၇) ကြိမ်မြောက် အာဆီယံတပ်မတော် ကာကွယ်ရေးဦးစီးချုပ် များ အစည်းအဝေး (17th ACDFM) ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဗီယက်နမ် ပြည်သူ့တပ်မတော်စစ်ဦးစီးချုပ်Senior General Phan Van Giang ထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည်။

 

ယင်းနောက် ဗီယက်နမ်ပြည်သူ့ တပ်မတော် စစ်ဦးစီးချုပ်က လက်ခံနှုတ်ခွန်းဆက် စကားပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။

 

ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မလေးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General TAN SRI DATO'SERI PANGLIMA Hj Zulkifli Bin Hj Zainal Abidinနှင့် လည်းကောင်း၊ ဗီယက်နမ်ပြည်သူ့တပ်မတော်စစ်ဦးစီးချုပ် Senior General Phan Van Giang နှင့်လည်းကောင်း၊ လာအိုအမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စစ်ဦးစီးဌာနအကြီးအကဲ Lieutenant General Souvone LEUANGBOUNMY နှင့်လည်းကောင်း နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံ ဆွေးနွေးသည်။

 

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင် ရွက်ရေး၊ လေ့ကျင့် ရေးဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရေးနှင့် အဆင့်အလိုက် ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ရေးဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

 

သတင်းစဉ်

 

ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး