တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ထားဝယ် / December 14, 2018


(၁၃.၁၂.၂၀၁၈)ရက်နေ့ မွန်းလွဲ(၁၃:၀၀)နာရီအချိန် ထားဝယ်မြို့၊ Diamond Crown Hotel တွင် တနင်္သာရီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ နှစ်ပတ်လည်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌကိုယ်စား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင် က အဖွင့်အမှာစကား ပြောကြားရာ၌ မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်ပါအတိုင်း ကလေးသူငယ်များအတွက် အဓိကအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်ကို အကောင်အထည်ဖော်ဆောင်ရွက်လျှက် ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအနေနှင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံး မှာရှိသည့် ကလေးသူငယ်များအားလုံး အဓိကအခွင့်အရေး(၄)ရပ်ကို ရရှိနိုင်ရန်အတွက် ကလေးသူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားဖြစ်ထွန်းရေးမူဝါဒနှင့် လုပ်ငန်းစဉ်တွေချမှတ်ဆောင်ရွက်လျှက်ရှိရာ တိုင်းဒေသကြီး /ပြည်နယ်အသီးသီးမှာ ကလေးသူငယ်များ၏ အကျိုးအတွက် ဆက်စပ်နှီးနွယ်သည့် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများသာမက စေတနာရှင်ပြည်သူလူထုများနှင့် ပေါင်းစပ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးမှာ မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များအားလုံး အခြားတိုင်းဒေသကြီး /ပြည်နယ်များနှင့် တန်းတူအခွင့်အရေးရရှိခံစားနိုင်စေဖို့ ကလေးသူငယ်ဆိုင်ရာ ဆောင်ရွက်ရမည့် လုပ်ငန်းတွေကို ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထိုနောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးကိုယ်စား တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နီနီရွှေ က လုပ်ငန်းဆောင်ရွက်ထားမှုကိစ္စရပ် များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ထားဝယ်/မြိတ်/ကော့သောင်းခရိုင်အတွင်းရှိ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ ဥက္ကဋ္ဌများက မြို့နယ်အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပရိုဂျက်တာဖြင့်ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၁၈ ခုနှစ် ၊ ဇူလိုင်လမှဒီဇင်ဘာလ အတွင်း ဖြစ်ပွားခဲ့သော ကလေးသူငယ်မူခင်းများအခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီဝင်များက မိမိတို့မြို့နယ်/ကျေးရွာများတွင် ဖြစ်ပေါ်နေသော အခက်အခဲ ပြဿနာများအား အသီးသီးမေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ကြပြီး တိုင်းဒေသကြီးရင်ခွင်မဲ့ကလေးငယ်များလျှော့ချခြင်း ကာကွယ်စောင့်ရှောက်ရေး အသင်းဖွဲ့စည်းခြင်းအား အတည်ပြုကာ တိုင်းဒေသကြီးအစိုးရအဖွဲ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးက လမ်းညွှန် အမှာ စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။