ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဩစတြီးယားနိုင်ငံသံရုံး စီးပွားရေးဌာနအကြီးအကဲ Mr. Mag. Gunther Sucher နှင့်အဖွဲ့အားလက်ခံတွေ့ဆုံ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / October 08, 2019
image_latest


 

 

နေပြည်တော် အောက်တိုဘာ  ၈

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ဩစတြီးယားနိုင်ငံသံရုံးမှ စီးပွားရေး ဌာနအကြီးအကဲ Mr. Mag. Gunther Sucher နှင့်အဖွဲ့အား  ယနေ့နံနက် (၉) နာရီခွဲတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဩစတြီးယားနိုင်ငံတို့အကြား e-Government လုပ်ငန်းစဉ်၏ ရှေ့ပြေးလုပ်ငန်း ဖြစ်သည့် e-ID လုပ်ငန်းစနစ်အတွက် ဆောင်ရွက်မည့် Unique ID ကောက်ယူရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု ၊ Unique ID ကောက်ယူရေး လုပ်ငန်းနှင့်အတူ ဆက်လက်ဆောင်ရွက် မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ အသေးစိတ်အစီရင်ခံစာများ ရေးဆွဲတင်ပြနိုင်ရေးနှင့် လုပ်ငန်းစဉ်များကို အထက်အဆင့်ဆင့်သို့ ဆက်လက်တင်ပြဆောင်ရွက်မည့်အစီအစဉ်များ၊ နားလည်မှုစာချွန်လွှာ (MoU) အချိန်မီတင်ပြ နိုင်ရေးနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းများစနစ်တကျ ဖြစ်စေရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးဆောင်ရွက်နိုင်ရေး ၊ မြန်မာနိုင်ငံ၏ e-ID လုပ်ငန်းဆောင်ရွက်မှုများအပေါ် သြစတြီးယားနိုင်ငံမှ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်၊ e-Government လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင် မြန်မာ- သြစတြီးယားနှစ်နိုင်ငံ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းများအမြန်ဆုံး စတင်နိုင်ရေးအတွက်နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)