နိုင်ငံတော်သမ္မတဦးဝင်းမြင့် ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) တည်ဆောက်ရေး စီမံကိန်းနှင့် သာကေတလျှပ်စစ် ဓာတ်အားပေး စက်ရုံဝင်းအတွင်းရှိ(၂၅)မဂ္ဂါဝပ် (TM 2500) ဓာတ်အားပေးစက်တို့ကို ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / November 02, 2019
image_latest


ရန်ကုန် နိုဝင်ဘာ ၂

နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့တွင် ရန်ကုန်မြို့သို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် အတူ နံနက် ၁ဝနာရီ ၁၅ မိနစ်တွင် ပဲခူးမြစ်ကူး တံတား (သန်လျင်တံတား အမှတ်-၃)တည်ဆောက်ရေး စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နိုင်ငံတော်သမ္မတနှင့်အဖွဲ့အား စီမံကိန်းရှင်းလင်းဆောင်၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ရန်ကုန်မြို့တော်ရှိလမ်း၊ တံတားများအခြေအနေ၊ အတွင်းပတ်လမ်း၊ အပြင်ပတ်လမ်းနှင့် တံတားများဆက်စပ်မှုအခြေအနေ၊ ပဲခူးမြစ်ကူး တံတား (သန်လျင်တံတား အမှတ်-၃)တည်ဆောက်ရခြင်း အခြေအနေတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတားအမှတ်-၃) စီမံကိန်းဆိုင်ရာအချက်အလက်များ၊ တံတားတည်ဆောက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ တည်ဆောက်ရေးလုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ခဲ့မှု အခြေအနေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေ၊ စီမံကိန်းနှင့်မလွတ်ကင်း သောမြေယာကိစ္စရပ်များ ရှင်းလင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတက ပြည်ထောင်စုဝန်ကြီးနှင့် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်တို့၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လမ်းညွှန်အမှာစကားပြောကြားရာတွင် ရန်ကုန်မြို့သည်နိုင်ငံတော် အတွက် အဓိကကျပြီးစီးပွားရေးအရလည်း အရေးပါသော မြို့ကြီးတစ်မြို့ဖြစ်သည့် အားလျော်စွာလမ်းပန်းဆက်သွယ်ရေး ကဏ္ဍ တွင် နိုင်ငံသူနိုင်ငံသားများအတွက် အချိန်ကုန်လူပန်း သက်သာစေရန် နိုင်ငံတော်အစိုးရအနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆိုပါတံတားစီမံကိန်း ဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့သော ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်သံအမတ်ကြီး အပါအဝင် တာဝန်ရှိသူများအားအထူးကျေးဇူးတင်ရှိ ကြောင်းကို အလေးအနက်ထားပြောကြားလိုပါကြောင်း၊ တံတားကြီးအား သတ်မှတ် စံချိန်စံညွှန်း နှင့်အညီ အချိန်မီပြီးစီးရေးအတွက် ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ တည်ဆောက်ကြမည့် တာဝန်ရှိပုဂ္ဂိုလ် များ၊ အင်ဂျင်နီယာပညာရှင်များ၏ အရည်အသွေးများကိုဖော်ထုတ်ပြသ ပြီး စံနမူနာ ကောင်းတစ်ခုအဖြစ် ကျန်ခဲ့စေလိုပါကြောင်း၊ တံတားကြီး၏ ကုန်ကျမည့်စရိတ်နှင့်ညီမျှသည့် အကျိုးအမြတ်ကို နိုင်ငံသူနိုင်ငံသားများ ရရှိစေ လိုပါကြောင်း၊ ယခုတံတားကြီးအား တည်ဆောက် ပေးခြင်းအပြင် သန်လျင်ဘက်ကမ်းရှိသီလဝါ အထူးစီးပွားရေးဇုန်နှင့် Myanmar International Terminals Thilawa (MITT)တို့ကိုအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကြောင့် ရန်ကုန်မြို့ အပါအဝင် ရန်ကုန် တောင်ပိုင်းခရိုင် မြို့နယ်များဖြစ်သည့် သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွဒေသရှိ ပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမှုများကို အမြန်ဆုံး ဖြည့်ဆည်း ပေးနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည်တံတားတည်ဆောက်ရေးစီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဂျပန်နိုင်ငံမှ အင်ဂျင်နီယာပညာရှင်များအား သစ်သီးခြင်းလက်ဆောင်ပေးအပ်ပြီး ပဲခူးမြစ်ကူးတံတား (သန်လျင် တံတားအမှတ်-၃) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် သာကေတ လျှပ်စစ်ဓာတ်အားပေး စက်ရုံဝင်းအတွင်း သို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်ခန်းမ၌ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်က အမျိုးသားလျှပ်စစ် ဓာတ်အား ပင်မစီမံချက်အရ နှစ်အလိုက် ဓာတ်အားလိုအပ်ချက်များတိုး တက်လာမည့်အခြေအနေ၊ ၂၀၁၉ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ် လုပ်ရေး စက်ရုံများ၏ စုစုပေါင်းစက်တပ်ဆင်အင်အား၊ ၂၀၂၀ ပြည့်နှစ် အတွင်း Plan အရ ဖြစ်ပေါ်လာမည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံများ၏ စုစုပေါင်း စက်တပ်ဆင်အင်အား၊ နိုင်ငံတော်ဓာတ်အား လိုအပ်ချက်နှင့် ထပ်မံထုတ်လုပ်နိုင်မှုအရ နှစ်အလိုက် ဓာတ်အား စနစ်အတွင်း ဖြစ်ပေါ်လာမည့်အခြေအနေ၊ နိုင်ငံတော်ဓာတ်အားစနစ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ လျှပ်စစ်ဓာတ်အားဝင်ရောက်ချိတ်ဆက် ဖြန့်ခွဲမှုအခြေအနေနှင့် သာကေတ ဓာတ်အားပေး စက်ရုံအခြေအနေ များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီးတွင် ထပ်မံဖြစ်ထွန်းလာမည့် တည်ဆောက်ရေး လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လိုအပ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

နိုင်ငံတော်သမ္မတ က ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီး ချုပ်တို့၏ ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းပန်းဆက်သွယ်မှုနှင့် လျှပ်စစ်ဓာတ်အား အပြည့်အဝရရှိရေးလုပ်ငန်း များကို ဦးစားပေးလုပ်ငန်းစဉ်အနေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုနှင့် လျှပ်စစ်ဓာတ်အားရရှိမှုသည် နိုင်ငံသူနိုင်ငံသားများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စ သည့်ကဏ္ဍများအတွက် အထောက်အကူဖြစ်စေမည်သာမက ရင်းနှီး မြှုပ်နှံမှု ကဏ္ဍတွင်လည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်လာနိုင်သည်နှင့်အမျှ အသုံးပြုမှုသည်လည်း ပိုမိုတိုးတက်များပြားလာနေသဖြင့် ဓာတ်အား ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို တာဝန်ရှိသူများ အနေဖြင့် ကြိုတင်ပြင်ဆင် ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ လျှပ်စစ် ဓာတ်အားပျောက်ဆုံးမှု၊ လျှပ်စစ်ဓာတ်အား ယူနစ်များကိုလည်း အမှန် တကယ်သုံးစွဲသည့်အတိုင်း မှန်မှန်ကန်ကန် ရရှိစေရေး စီမံဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ပြည်သူများအတွက် လျှပ်စစ်မီးမှန်ရေးနှင့် ပြတ်တောက်မှု မရှိစေရေးတို့ကို ဝန်ကြီးဌာန တာဝန်ရှိသူများအားလုံးက ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည်ရန်ကုန်မြို့တော် လျှပ်စစ်မီးလုံလောက်စွာ သုံးစွဲနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၏ သီးသန့်ရန်ပုံငွေဖြင့် ဝယ်ယူထားသော စက်ရုံဝင်း အတွင်းရှိ Trailer Mounted Duel Fuel Generator (TM 2500) ဓာတ်အားပေးစက်နှင့် ထိန်းချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။

(သတင်းစဉ်)