ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က(၁) ပုဇွန်တောင်တို့တွင် အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်

ဗိုလ်အောင်ကျော်လမ်းနှင့် အ.ထ.က(၁) ပုဇွန်တောင်တို့တွင် အပြာရောင်ကမ္ဗည်းပြားများ တပ်ဆင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ဖွင့်လှစ်


Ministry of Information/ ရန်ကုန် / December 21, 2018
image_latest


ရန်ကုန် ဒီဇင်ဘာ ၂၀

ရန်ကုန်မြို့ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဗိုလ်အောင်ကျော်လမ်းနှင့် ပုဇွန်တောင်မြို့နယ်ရှိ အ.ထ.က(၁) ပုဇွန်တောင်တို့တွင် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့၏ အပြာရောင် ကမ္ဗည်းပြားများ တပ်ဆင်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။

၂၅ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကို အတွင်းဝန်များရုံးအနီး ဗိုလ်အောင်ကျော်လမ်းမပေါ်တွင် တပ်ဆင်ရခြင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ စီမံချက်အရာရှိ ကိုသူရိန်အောင်က “ဗိုလ်အောင်ကျော်လမ်းက သမိုင်းမှာထင်ရှားတဲ့အဖြစ်အပျက်တွေ များစွာ ဖြစ်ပျက်ခဲ့တဲ့ နေရာဖြစ်တယ်။ ဒီလမ်းတစ်လျှောက်မှာ သမိုင်းဝင်အမွေအနှစ် အဆောက်အအုံတွေ အများကြီးရှိတယ်။ လမ်းရဲ့ပုံစံကလည်း နဂိုမူလလက်ရာအတိုင်း မပျက်မယွင်း ကျန်ရှိနေသေးတဲ့ လမ်းတစ်ခုဖြစ်တဲ့အတွက် ကျွန်တော်တို့ ဒီနေရာမှာ အပြာရောင်ကမ္ဗည်းပြား တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ချောက်ရေနံမြေသပိတ်မှအစပြုခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံအတွင်း ရန်ကုန်တက္ကသိုလ်နှင့် ယုဒဿန်ကောလိပ်အပါအဝင် ရန်ကုန်မြို့ရှိ ကျောင်းသားများသည် ၁၉၃၈ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အတွင်းဝန်ရုံး၏ ဝင်ပေါက်များကို ဝိုင်း၍ သပိတ်တားဆန္ဒပြကြသည်။ ဆန္ဒပြကျောင်းသားများကို မြင်းစီးပုလိပ်များအပါအဝင် ဂေါ်ရာပုလိပ်များက မြင်းနှင့်တိုက်၊ နံပါတ်တုတ်နှင့် ဝင်ရောက်ရိုက်နှက်ရာတွင် ယုဒဿန်ကျောင်းသား ကိုအောင်ကျော်အပါအဝင် ကျောင်းသားများစွာ ဒဏ်ရာရခဲ့သည်။ ကိုအောင်ကျော်သည် ဦးခေါင်းတွင်ရရှိသောဒဏ်ရာဖြင့် ရန်ကုန်တက္ကသိုလ်ဆေးရုံတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့၌ ကွယ်လွန်ခဲ့သည်။ အာဇာနည်ခေါင်းဆောင် ကိုအောင်ကျော်ကို ဂုဏ်ပြုသောအားဖြင့် ယခင် စပတ်လမ်းကို ၁၉၅၆ ခုနှစ်တွင် ဗိုလ်အောင်ကျော်လမ်းဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။

ထို့ပြင် ၂၆ ခုမြောက် အပြာရောင်ကမ္ဗည်းပြားကိုလည်း အ.ထ.က (၁) ပုဇွန်တောင်တွင် တပ်ဆင်ခဲ့သည်။ အဆိုပါကျောင်းကို မူလက အက်စ်သမ်ဘာရာ ရက်ဒီးယာ အထက်တန်းကျောင်း အဖြစ် တည်ဆောက်ခဲ့ပြီး ကျောင်း၏အလှူရှင်မှာ ထိုစဉ်က ထင်ရှားသော စီးပွားရေးလုပ်ငန်းရှင် ပရဟိတသမား ဒေါက်တာအက်စ်ရာ မာနာသန်း ရက်ဒီးယားဖြစ်သည်။ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် အဆောက်အအုံဟောင်းအပါအဝင် ရန်ကုန်မြို့ရှိ အဆောက်အအုံများစွာ လှူဒါန်းခဲ့သော အလှူရှင်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်ခဲသည်။ အဆောက်အအုံကို အလှူရှင်ကိုယ်တိုင် ၁၉၁၇ ခုနှစ် မေလ ၃၁ ရက်နေ့တွင် အုတ်မြစ်ချပေးခဲ့ပြီး ၁၉၁၈ ခုနှစ် ဇွန် ၂၀ ရက်တွင် ဆာမာခ့်ဟန်တာက ဖွင့်လှစ်ပေးခဲ့ရာ ယခုနှစ်တွင် ကျောင်း၏ သက်တမ်းသည် နှစ် ၁၀၀ ရှိပြီဖြစ်သည်။ လွတ်လပ်ပြီးခေတ်တွင် ပုဇွန်တောင် အထက်တန်းကျောင်း အဖြစ် အမည်ပြောင်းလဲ့ပြီး နောက်ပိုင်းတွင် အ.ထ.က(၁) ပုဇွန်တောင်အဖြစ် ပြောင်းလဲဖွဲ့စည်း ခဲ့သည်။

ယနေ့ တပ်ဆင်သော အပြာရောင်ကမ္ဗည်းပြားများသည် ရန်ကုန်မြို့၏ ထူးခြားသော မြို့ပြအမွေအနှစ် နေရာ နှစ်ခုကို နှစ် ၈၀ ပြည့်နှင့် နှစ် ၁၀၀ ပြည့် အမှတ်တရ တပ်ဆင်သည့် အထိမ်းအမှတ် ကမ္ဗည်းပြားများ ဖြစ်ပြီး အဆိုပါအခမ်းအနားများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူလူထုများ တက်ရောက်ခဲ့ကြသည်။

ထင်ပေါ်ဝင်း(ကမာရွတ်)

Services (Online) - 2 items Explore more

test

Ministry of Investment and Foreign Economic Relations / June 20, 2022

Rating

သူတစ်ပါးထိခိုက်မှုအာမခံပရီမီယံကြေးအား မြန်မာ့အာမခံလုပ်ငန်း၏ Website, Mobile Application များမှတစ်ဆင့် Online/Mobile Payment စနစ်ဖြင့် ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေငြာခြင်း

Ministry of Planning and Finance / October 15, 2021

သူတစ်ပါးထိခိုက်မှုအာမခံအတွက် စက်တပ်ယာဉ်ပိုင်ရှင်သည် မိမိ၏ စက်တပ်ယာဉ်ကို မှတ်ပုံတင်သည့်အချိန် (သို့) မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်သည့်အခါ အာမခံကြေးများကို ပေးသွင်းရမည်ဖြစ်ပါသည်။...

Rating