ပြည်ထောင်စု တရားလွှတ်တော်ချုပ်

ဌာနအဖွဲ့အစည်း၏အကြောင်းအရာ မူလအရင်းအမြစ်

ရှေးမြန်မာဘုရင်များလက်ထက်ကတည်းကစတင်၍ မြန်မာနိုင်ငံတွင်ခိုင်မာသည့် တရားစီရင်ရေးစနစ်နှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်တို့ တည်ရှိခဲ့ပြီး ဖြစ်ပါသည်။ မြန်မာ့ရိုးရာ ဥပဒေသည် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံးတို့ဖြင့် ဖွဲ့စည်းထားပါသည်။

ရာဇသတ်ဟူသည် ပြည့်ရှင်ဘုရင်၏ အမိန့်ပြန်တမ်းနှင့် တစ်ချက်လွှတ်အမိန့်များ ဖြစ်ပြီး ၎င်းတွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု၊ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ခိုးမှု အစရှိသည့် မှုခင်းများ အပါအဝင် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် အေးချမ်း သာယာရေးအတွက် ဘုရင်မှ ထုတ်ပြန်သည့် အမိန့်များ၊ ရာဇဝတ် ဥပဒေများ ပါဝင်ပါသည်။

ဓမ္မသတ်ဆိုသည်မှာ ခေတ်အလိုက် ရွေးထုတ်စုစည်းထားသော မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ ထင်ရှားသည့် တရားသူကြီးများနှင့် လူပညာရှိ များ၏ ဆုံးဖြတ်ချက်၊ ရေးသားချက်များ စဉ်းစားဆင်ခြင် ကောက်ယူပုံ အကြောင်း အချက်များ၊ သဘောတူ ဆုံးဖြတ်ချက်များ ပါဝင်သည့် မြန်မာတို့၏ ဓလေ့ထုံးတမ်းဆိုင်ရာ မူသဘောများ ဖြစ်ပါသည်။ အမှန်စင်စစ် ဓမ္မသတ်များသည် လူမှုပြဿနာများအတွက် ချမှတ်ထားသည့် တရား ဥပဒေမူများ၊ စည်းမျဉ်းစည်းကမ်းများ၊ အထူးသဖြင့် လက်ထပ်ခြင်း၊ ကွာရှင်းခြင်း၊ ပစ္စည်းခွဲဝေခြင်း၊ အမွေဆက်ခံခြင်း၊ မွေးစားခြင်းအစရှိသည့် ကိစ္စရပ်များနှင့်နှီးနွယ်သည့် တရားမဥပဒေများ စုစည်းပါဝင် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။ အဆိုပါ ဥပဒေ စည်းမျဉ်း စည်းကမ်းများသည် "ဥပဒေအရ အားလုံး တန်းတူ ရည်တူ အခွင့်အရေး ရှိသည်" ဟူသည့် မူအပေါ် အခြေခံထားခြင်း ဖြစ်ပြီး အဆိုပါ မူကို ယနေ့တိုင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တရားရုံးများတွင် ဆက်လက် လိုက်နာ ကျင့်သုံးလျက် ရှိပါသည်။

ဖြတ်ထုံးဆိုသည်မှာ လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ စီရင်ထုံးများ ကဲ့သို့ တရားရုံးများ၊ ခုံရုံးများနှင့် ဘုရင့်လွှတ်တော်၏ တရားစီရင်ရေးဆိုင်ရာ ဆုံးဖြတ် ချက်များ ဖြစ်ပါသည်။
ထိုခေတ်ကာလကပင် ပြစ်မှုနှင့် တရားမတရားစီရင်ရေးဟူ၍ ကွဲပြားခြားနားမှု ရှိခဲ့ပါသည်။ အများပြည်သူ လုံခြုံမှုကို ထိခိုက်စေသော၊ ငြိမ်းချမ်း သာယာမှုကို အလုံးစုံ ထိခိုက်ပျက်ပြားစေသော ပြုလုပ်မှုများကို တားဆီးခြင်း၊ အပြစ်ပေးခြင်း ကိစ္စရပ်များအတွက် အစိုးရ၏ စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းရပ်၊ အစိတ်အပိုင်းရပ်အဖြစ် သတ်မှတ်ခဲ့ကြပါသည်။ တစ်ဖက်တွင် တရားမတရားစီရင်ရေးကို ဘုရင်မှ ခန့်အပ်သည့် တရားသူကြီးများ၊ နှစ်ဖက် အမှုသည်များ သဘောတူ ရွေးချယ်သည့် ခုံသမာဓိ လူကြီးများက ဆောင်ရွက် စေခဲ့ပါသည်။ သဘောသဘာဝအားဖြင့် အယူခံအတွက် နောက်ဆုံးအဆင့် ဘုရင်ထံ အယူခံ ဝင်ရောက်ရန် ထားရှိသော်လည်း ခုံသမာဓိ လူကြီးများ၏ ဆုံးဖြတ်ချက်အတွက် အယူခံခွင့် မရှိပါ။

ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်မှု

လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိပြီးနောက် ၁၉၄၈ ခုနှစ် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ တရားလွှတ်တော်ချုပ်၊ တရားလွှတ်တော်နှင့် အဆင့်ဆင့်သော တရားရုံးများကို ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီမှ နိုင်ငံတော် အာဏာကို ရယူခဲ့ပြီးနောက် တရားစီရင်ရေး စနစ်အား ဆိုရှယ်လစ် တရားစီရင်ရေးစနစ်သို့ အသွင် ပြောင်းလဲ ခဲ့ပါသည်။ တော်လှန်ရေး ကောင်စီသည် တရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်အား ဖျက်သိမ်းပြီး ယင်းတို့ အစား တရားရုံးချူပ်ကို ဖွဲ့စည်း တည်ထောင်ခဲ့ ပါသည်။

၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗဟိုတရားရုံး၊ ပြည်နယ်နှင့် တိုင်း တရားရုံးများ၊ မြို့နယ် တရားရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုတရားရုံးများကို ဖွဲ့စည်းခဲ့ပါသည်။ ထိုခေတ် တရားစီရင်ရေး စနစ်၏ ထူးခြားချက်မှာ တရားရုံး အဆင့်ဆင့်တွင် လုပ်သား ပြည်သူများ ကိုယ်တိုင် ပါဝင်ဆောင်ရွက်နိုင်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ လက်ထက်တွင် မြန်မာနိုင်ငံ၌ တရားစီရင်ရေး ဆောင်ရွက်ရန်နှင့် အဆင့်ဆင့်သော တရားရုံးများ ဖွဲ့စည်းရန်အတွက် ၁၉၈၈ ခုနှစ်၊ တရားစီရင်ရေး ဥပဒေကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့တွင် ပြဌာန်း ခဲ့ပါသည်။ တရားရုံးများ ပြင်ဆင်ဖွဲ့စည်းရန်နှင့် တရားစီရင်ရေးစနစ် ပိုမိုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၂၀၀၀ ပြည့်နှစ် ဇွန်လ ၂၇ ရက် နေ့တွင် ၂၀၀၀ပြည့်နှစ် တရားစီရင်ရေး ဥပဒေကို ပြဌာန်းပြီးနောက် ၁၉၈၈ ခုနှစ် တရားစီရင်ရေး ဥပဒေအား ဖျက်သိမ်းခဲ့ပါသည်။
မျက်မှောက်ခေတ် တရားစီရင်ရေး စနစ်သည် ၂၀၀၈ ခုနှစ်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတို့အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။

တရားရုံးဖွဲ့စည်းပုံအဆင့်ဆင့် ဖွဲ့စည်းခြင်း

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမြင့်ဆုံးသော တရားစီရင်ရေး အဖွဲအစည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားရုံးစနစ်တွင် အမြင့်ဆုံးသော တရားရုံးဖြစ်ပြီး ဥပဒေပြုရေး၊ စီမံခန့်ခွဲရေး အဖွဲ့များနှင့် ယှဉ်တွဲလျက် လွတ်လပ်စွာ ရပ်တည်လျက်ရှိသည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စု တရားသူကြီးချုပ် အပါအဝင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဦးရေ အနည်းဆုံး ၇ ဦးမှ ၁၁ ဦးအထိ ခန့်အပ် နိုင်ပါသည်။

စီရင်ပိုင်ခွင့်အာဏာ

ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် အယူခံမှုများအတွက် အမြင့်ဆုံး တရားရုံး ဖြစ်ပါသည်။ ၎င်းသည် အယူခံမှုနှင့် ပြင်ဆင်မှု အာဏာများကို ကျင့်သုံးနိုင်ပါသည်။ ထို့အပြင် မူလမူများကိုလည်း ကြားနာ စစ်ဆေး စီရင်ပိုင်ခွင့် အာဏာရှိပြီး အောက်ပါ ကိစ္စရပ်များအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌သာ မူလမှု စီရင်ပိုင်ခွင့် အာဏာများ ရှိပါသည်-
(က) ပြည်ထောင်စု နိုင်ငံတော်က ချုပ်ဆိုသော ပြည်ထောင် အချင်းချင်းဆိုင်ရာ စာချုပ်များနှင့် စပ်လျဉ်း၍ ပေါ်ပေါက်လာသော ကိစ္စရပ်များ၊
(ခ) ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရတို့အကြား ဖြစ်ပွားသသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပအခြား အငြင်းပွားမှုများ၊
(ဂ) တိုင်းဒေသကြီးအချင်းချင်း၊ ပြည်နယ်အချင်းချင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အချင်းချင်း၊ ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အချင်းချင်း တို့အကြား ဖြစ်ပွားသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ပြဿနာများမှအပ အခြား အငြင်းပွားမှုများ၊
(ဃ) ပင်လယ်ဓါးပြမှုများ၊ နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်၍ မြေပြင် သို့မဟုတ် နိုင်ငံတကာ ပင်လယ်ပြင် သို့မဟုတ် ကောင်းကင်ယံ၌ ကျူးလွန်သော ပြစ်မှုများ၊
(င) ဥပဒေတစ်ရပ်ရပ်အရ သတ်မှတ်ထားသော အခြားကိစ္စရပ်များ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သို့မဟုတ် အခြား ဥပဒေပါ ပြဌာန်းချက်ကို အထောက်အထား ပြု၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ ကိစ္စရပ်များအတွက် စီရင်ပိုင်ခွင့် ရှိသည်-
(က) ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မူလမှု စီရင်ပိုင်ခွင့်ကို ကျင့်သုံး၍ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော်မှ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း၊
(ဂ) အခြားတရားရုံးက ဥပဒေနှင့်အညီ ချမှတ်ခဲ့သည့် စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်အပေါ် အယူခံဝင်ခြင်း။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် တရားရုံးတစ်ရုံး က ချမှတ်သော စီရင်ချက် သို့မဟုတ် အမိန့်ကို ဥပဒေနှင့်အညီ ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာ၊ သေဒဏ်အမိန့်ကို အတည်ပြုမှုနှင့် သေဒဏ်အမိန့်ကို အယူခံမှုများအား စီရင်ပိုင်ခွင့် အာဏာ၊ မိမိ၏ ဆုံးဖြတ်ချက်အရ လွှဲပြောင်းရယူသော အမှုနှင့် တရားရုံးတစ်ရုံးမှ အခြားတရားရုံး တစ်ရုံးသို့ အမှု လွှဲပြောင်းပေးမှုကိုလည်း စီရင်ပိုင်ခွင့် အာဏာရှိပါသည်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ အာဏာများ

ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမြင့်ဆုံး တရားရုံးဖြစ်၍ နိုင်ငံတော် အတွင်းရှိ တရားရုံးများပေါ်တွင် ကြီးကြပ်မှု အာဏာရှိပြီး ၎င်း၏ ဆုံးဖြတ်ချက်သည် တရားရုံးများ အားလုံးပေါ်တွင် စည်းနှောင်မှုရှိသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ အောက်ပါ စာချွန်တော်အမိန့်များကို ထုတ်ဆင့်ပိုင်ခွင့် အာဏာ ရှိပါသည်-
(က) ရှေ့တော်သွင်းစာချွန်တော်အမိန့်၊
(ခ) အာဏာပေးစာချွန်တော်အမိန့်၊
(ဂ) တားမြစ်စေစာချွန်တော်အမိန့်၊
(ဃ) အာဏာပိုင်မေးစာချွန်တော်အမိန့်၊
(င) အမှုခေါ်စာချွန်တော်အမိန့်

ဖွဲ့စည်းပုံ

တရားရုံးအဆင့်ဆင့် ဖွဲ့စည်းပုံ

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံတော်၏ တရားစီရင်ရေး
ဆိုင်ရာရုံးများကို အောက်ပါအတိုင်း တည်ထောင် ထားရှိပါသည်-
- ပြည်ထောင်စုတရားလွှတ်တော်ချုပ်
- တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များ
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံးများ
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံးများ
- ခရိုင်တရားရုံးများ
- မြို့နယ်တရားရုံးများ
- ဥပဒေအရတည်ထောင်သော အခြားတရားရုံးများ

Website လိပ်စာ

www.unionsupremecourt.gov.mm