Union Civil Service Board

ပြည်ထောင်စုရာထူးဝန်အဖွဲ့ 


ပြည်ထောင်စုရာထူး၀န်အဖွဲ့အကြောင်း 

    ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေကို ၂ဝဝ၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ အရ ၂၈-၁၀-၂၀၁၀ ရက်စွဲနေ့တွင် နိုင်ငံတော်အေးချမ်း သာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂၄/၂၀၁၀ ဖြင့် ပြဌာန်းခဲ့ပါသည် ။ ပြည်ထောင်စု ရာထူးဝန် အဖွဲ့သည် ၁၉၇၇ခုနှစ်၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ဥပဒေအရ ဖွဲ့စည်းခဲ့သော ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဆက်ခံသောအဖွဲ့ ဖြစ်ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေအရ အဖွဲ့ကို ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်အနည်းဆုံး(၅)ဦးမှအများဆုံး(၇)ဦးဖြင့်ဖွဲ့စည်းရပါမည်။ အဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေအခန်း(၃) တွင် ပြဌာန်းထား ပါသည်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းဆိုင်ရာ အာဆီယံကွန်ဖရင့်တွင် မြန်မာ နိုင်ငံ ကိုယ်စားပြု ဆက်သွယ်ဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏နောက်ခံသမိုင်း

    မြန်မာနိုင်ငံမှာ လွန်ခဲ့သည့်နှစ်ပေါင်း ၂၀၀၀ ကျော် မြန်မာဘုရင်များ၏ အုပ်ချုပ်မှု အောက်အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ်တည်ရှိခဲ့စဉ်တည်းကမင်းမှုထမ်းများအား ရွေးချယ် ခန့်ထားသည့် စနစ်၊ စံနှုန်း များနှင့်အညီ လက်ရုံးရည်၊ နှလုံးရည်၊ သတ္တိ၊ ဗျတ္တိ၊ ထူးချွန် ထက်မြက်သော အမှုတော်ထမ်းများ ရရှိစေရန်အတွက် ပြိုင်ပွဲများ၊ စာပြန်ပွဲများ ကုန်းဘောင် နှောင်းခေတ်ကာလ မြန်မာမင်းများ လက်ထက်ဝန်ထမ်း ခန့်ထားသည့်စနစ် အနေဖြင့် နေပြည်တော်အုပ်ချုပ်ရေးအဆင့်နှင့်ဒေသန္တရ အုပ်ချုပ်ရေးအဆင့်ဟူ၍ တိကျစွာ သတ်မှတ် ထားပြီး နေပြည်တော်သို့မဟုတ်ဗဟိုအဆင့်တွင်လွှတ်ရုံးငါးရပ်ဟု ခေါ်တွင်သော လွှတ်တော်၊ ဗြဲတိုက်၊ ရှေ့ရုံး၊ နောက်ရုံး၊ တရားရုံးတို့ကို ဖွဲ့စည်းထား ရှိပါတယ်။

    မြန်မာဘုရင်ခေတ်မှာ အမှုထမ်းများကို ယေဘုယျအားဖြင့် ရိုးရာအမှုထမ်းများနဲ့ ဆိုင်ရာပုဂ္ဂိုလ်၏ အရည်အချင်းအလိုက် ခန့်ထားသော အမှုထမ်းများဆိုပြီး ၂ မျိုးခွဲခြားနိုင် ပါသည်။ ခန့်ထားရာမှာလည်း ပြန်တမ်း ကြီးခံ၊ ပြန်တမ်းရိုးခံနဲ့ အမိန့်တော်မှာတမ်း၊ အမိန့် တော် မှတ်သားချက်အရ ခန့်ထားသူများဆိုပြီး ၃ မျိုး ခွဲခြား ထားခဲ့ပါသည်။

    ဗြိတိသျှကိုလိုနီအုပ်ချုပ်မှုအတွင်း မြန်မာဘုရင်များ၏ မြို့ပြအုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့ပြီး အိန္ဒိယနိုင်ငံတွင် စတင်အခြေချ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် ဗြိတိသျှကိုလိုနီနိုင်ငံဝန်ထမ်းစနစ်ကို မြန်မာနိုင်ငံအတွင်းသို့ အစားထိုးကျင့်သုံးဆောင်ရွက် လာခဲ့ပါသည်။ နိုင်ငံ့ဝန်ထမ်းအရာရှိအများစုမှာ ဗြိတိသျှ သို့မဟုတ် အိန္ဒိယနိုင်ငံသားများ ဖြစ်ပြီး အိန္ဒိယမြို့ပြဝန်ထမ်း (India Civil Service)၏ အစိတ်အပိုင်းအဖြစ် ဖွဲ့စည်းခဲ့ပါ သည်။ဗြိတိသျှကိုလိုနီခေတ်ဝန်ထမ်းတို့၏အဓိကဦးတည်ဆောင်ရွက်ချက်မှာ ငြိမ်ဝပ်ပိပြား ရေး/ တရားဥပဒေစိုးမိုးရေးနှင့် အခွန်ကောက်ခံရေး တို့ပင်ဖြစ်ပါသည်။ 

    မြန်မာနိုင်ငံတွင် ရာထူးဝန်အဖွဲ့များ ဖွဲ့စည်း ခြင်းမပြုနိုင်မီ ဗြိတိသျှကိုလိုနီခေတ် ကာလ ၁၈၈၁ ခုနှစ်၌ မြန်မာနိုင်ငံဝန်ထမ်းအဖွဲ့အစည်းအသီးသီးတွင် သင့်လျော်သူများကို ရွေးချယ်ခန့်ထားနိုင်ရေးအတွက် မြို့အုပ်များနှင့်စာရေး၊စာချီများအား ယှဉ်ပြိုင်ရေးဖြေ စာမေးပွဲစနစ်ဖြင့် ပညာရေးဆင်ဒီကိတ် (Educational Syndicate)ခေါ်အဖွဲ့က ရှေးဦးစွာ စစ်ဆေးရွေးချယ်ခဲ့ပါသည်။ ပထမဦးဆုံးသော ရာထူးဝန်အဖွဲ့ဟု သတ်မှတ် နိုင်ပါသည်။ 

    ၁၉၁၉ ခုနှစ်တွင် အဆိုပါပညာရေးဆင်ဒီကိတ်အဖွဲ့ကို ဖျက်သိမ်းပြီး အဆင့်မြင့်တန်း နှင့် အငယ်တန်းဝန်ထမ်းများကို ရွေးချယ် ခန့်ထားနိုင်ရန်အတွက် ရွေးချယ်ခန့်ထားရေးအဖွဲ့ (Selection Board) အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် ရွေးချယ်ရေးနှင့် ခန့်အပ်ရေးတို့အတွက် လုပ်ပိုင်ခွင့်ရှိသော ဒုတိယမြောက် ရာထူးဝန်အဖွဲ့ပင် ဖြစ်ပါသည်။ 

    ၁၉၃၅ ခုနှစ်၊ မြန်မာနိုင်ငံ အစိုးရအက်ဥပဒေအရ ရာထူးဝန်အဖွဲ့ကို ၁၉၃၇ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။ အဆိုပါ ရာထူးဝန်အဖွဲ့မှ မြန်မာနိုင်ငံတွင် တတိယ မြောက် ဖွဲ့စည်း ခဲ့သည့် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။ ဂျပန်ခေတ်ကာလ ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံဝန်ထမ်း အဖွဲ့အစည်းများကို စနစ်တကျ ပြန်လည် ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် ခဲ့ရာ ထိုစဉ်က ဖွဲ့စည်းခဲ့သောအဖွဲ့သည် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါ သည်။ 

    ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည်လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်လာပြီးနောက်၁၉၅၃ခုနှစ်တွင်ဝန်ထမ်းများရွေးချယ်ခန့်ထားနိုင်ရန်အတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါ သည်။ ဤအဖွဲ့သည် ပဉ္စမမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။ 

    ၁၉၇၂ ခုနှစ်၊ မေလ (၄) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖျက်သိမ်း၍ ဗဟိုပြည်သူ့ ဝန်ထမ်းများရွေးချယ်လေ့ကျင့် နေရာချထားရေးအဖွဲ့ဟု ပြုပြင်ဖွဲ့စည်းခဲ့ပါသည်။ ဤဗဟိုပြည်သူ့ ဝန်ထမ်းများ ရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့သည် အမည်အားဖြင့် ရာထူးဝန်အဖွဲ့ဟု ခေါ်ဝေါ်သတ်မှတ်ခြင်း မပြုခဲ့သော်လည်း ရာထူးဝန်အဖွဲ့၏လုပ်ငန်းတာဝန် များကိုပင် တာဝန်ခံဆောင်ရွက်ရသည့်အဖွဲ့အစည်းဖြစ်ရာ      ဆဋ္ဌ မမြောက် ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင် ဖြစ်ပါသည်။

    ၁၉၇၇ ခုနှစ်တွင် နိုင်ငံတော်ကောင်စီသည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းပေးခဲ့ပါသည်၊ ယင်းဥပဒေအရ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဤအဖွဲ့သည် သတ္တမမြောက်ဖွဲ့စည်းခဲ့သည့် ရာထူးဝန်အဖွဲ့ပင်ဖြစ်ပါသည်။ အဖွဲ့သည် နိုင်ငံတော်၏အဆင့်အမြင့်ဆုံးအာဏာကို တိုက်ရိုက်တာဝန်ခံရပြီး ယခင်က ကဲ့သို့ ဝန်ထမ်းများရွေးချယ်ခြင်း၊ လေ့ကျင့်ခြင်းလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း အပြင် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံကို စိစစ်ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်းများ၊ စည်းကမ်း သတ်မှတ်ချက်များ၊လုပ်ထုံးလုပ်နည်းများ၊စံနှုန်းများနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ် နိုင်ရေး တို့အတွက် နိုင်ငံတော်၏အဆင့်အမြင့်ဆုံး အာဏာပိုင်အား အထောက် အကူပြုရပါ သည်။ သို့ဖြစ်၍ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် ဝန်ထမ်းရေးရာ ကိစ္စအဝဝကို တစ်စုတစ်ပေါင်းတည်း ပြုထားသည့် တာဝန်များကို တာဝန်ယူ ဆောင်ရွက်ရ သည့် ဗဟိုဝန်ထမ်းရေးရာအဖွဲ့အစည်း (Central Personnel Agency) တစ်ရပ်အသွင် ဆောင်ခဲ့ပါသည်။

    တစ်ဖန် ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ ၂၀၁၁ ခုနှစ်၊ မတ်လ(၃၀) ရက်နေ့တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ အဋ္ဌမမြောက် ရာထူးဝန်အဖွဲ့ ဖြစ်ပါသည်။ ဆက်လက်ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ နဝမမြောက် ရာထူးဝန်အဖွဲ့ဖြစ်ပါသည်။ 

    ကနဦးရာထူးရွေးချယ် ခန့်ထားရေးတာဝန်ကိုပဲ ထမ်းဆောင်ခဲ့ရပြီး ၁၉၇၂ မှာ အသစ် ဖွဲ့စည်း သည့် ဗဟိုပြည်သူ့ဝန်ထမ်းများရွေးချယ်လေ့ကျင့်နေရာချထားရေးအဖွဲ့နှင့် ပူးပေါင်းဖွဲ့စည်းခဲ့ပြီး လေ့ကျင့်ရေး တာဝန်တွေပါ ဆောင်ရွက်ခဲ့တယ်။ ၁၉၇၇ ခုနှစ် ဝန်ထမ်း ရွေးချယ်လေ့ကျင့်ရေးအဖွဲ့၊ဥပဒေအရ သတ်မှတ်ထားရှိသောအဓိကတာဝန်များမှာ နိုင်ငံတော် ၏ဝန်ထမ်းအဖွဲ့အစည်းများတွင် လိုအပ်သောဝန်ထမ်းများကို ရွေးချယ်ခြင်းနှင့် လေ့ကျင့် ခြင်း၊ ဝန်ထမ်းဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ၊ မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေး အတွက် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအား အထောက်အကူ ပြုခြင်း နှင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေ သနပြုလုပ်ခြင်းတို့ ဖြစ်ပါသည် ။

     ၂၀၁၆ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့မှာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာဝင်းသိမ်း၊ အဖွဲ့ဝင်များအဖြစ် ဦးဝင်းမော်၊ ဦးသန်းထွန်း၊ ဒေါက်တာဦးပွား နှင့် ဦးစောဗယ်လင်တိုင်း တို့ပါဝင်သည့်  ပြည်ထောင်စုရာထူးဝန်အဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ 

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဆောင်ပုဒ်

“နိုင်ငံတည်ထောင်ပြု ပြည်သူနှင့် ဝန်ထမ်းလက်တွဲပြု”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏မျှော်မှန်းချက်

 “နိုင်ငံတော်၏ စဉ်ဆက်မပြတ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွတ်လပ်၍ စွမ်းရည်ပြည့်ဝ သော၊ ယှဉ်ပြိုင်မှုရှိ၍ စည်းကမ်းကောင်းသော နိုင်ငံ့ဝန်ထမ်းဖြစ်စေရေး တည်ဆောက် ပျိုးထောင် ရန်”

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ဦးတည်ချက်

(၁)    ပြည်သူ့ဝန်ထမ်းအဖွဲ့အစည်းများ၌ ခန့်ထားသည့် ပြန်တမ်းဝင်အဆင့် ဝင်ပေါက်ရာထူး များ ခန့်ထားနိုင်ရေးအတွက် ဝန်ထမ်းသစ်များ ရွေးချယ်ခန့်ထားရာတွင် စနစ်တကျနှင့် ဘက်လိုက်မှု ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရန်။

(၂)    ရာထူးအဆင့်အမျိုးမျိုးရှိ ပြည်သူ့ဝန်ထမ်းများအားလုံးအတွက် အခြေခံသင်တန်းများ ဖွင့်လှစ် သင်ကြားနိုင်ရန်နှင့် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အရာရှိကြီး များ အတွက် သင်တန်းများ၊ အစည်းအဝေးများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် စာတမ်းဖတ်ပွဲ များ၌ တက်ရောက် ပါဝင်နိုင် စေမည့် အစီအစဉ်များကို စီစဉ်ထောက်ပံ့ပေးရန်။

(၃)    နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန် ရည်ရွယ်လျက် လေ့ကျင့် သင်ကြား ရေး ဆိုင်ရာ သင်တန်းများနှင့် ပညာရေးအစီအစဉ်များကို ဆောင်ရွက်ရန်။

(၄)    နိုင်ငံ့ဝန်ထမ်းများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စီမံခန့်ခွဲမှု ပြုနိုင်ရန်နှင့် နိုင်ငံ့ဝန်ထမ်းများဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အကြံပြု ဆွေးနွေးချက်များဖြင့် ဆွေးနွေးအကြံပြုပေးနိုင်ရန်။

ရည်မှန်းချက်

 (၁)    တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအပ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းကြီး များတွင် ခန့်ထားနိုင်ရန်အတွက် အရည်အချင်းပြည့်ဝသော ပြန်တမ်းဝင်အရာရှိများ စုဆောင်း ရွေးချယ်ပေးရန်၊

(၂)    နိုင်ငံတော်အစိုးရအဖွဲ့၏မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များအပေါ် မူတည်ပြီး ပြည်သူ့ဝန်ထမ်းများ စွမ်းဆောင်ရည် ပိုမိုမြှင့်တင်နိုင်ရေး၊ ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အဓိက စံတန်ဖိုးများဖြစ်သည့် ရိုးသားခြင်း(Honesty)၊ ဖြောင့်မတ်သမာဓိရှိခြင်း (Integrity)၊ဓမ္မဓိဋ္ဌာန်ကျစွာပြုမူခြင်း(Objectivity)၊ဘက်မလိုက်ခြင်း (Impartiality) တို့ကို ပိုမိုခံယူကျင့်သုံး တန်ဖိုးထားတတ် စေရေး ဆောင်ရွက်ရန်၊

(၃)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈)၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥပဒေ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများ၊ နိုင်ငံ့ဝန်ထမ်း ဥပဒေ၊နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ပြည်သူ့ဝန်ထမ်းများအား ပြည်သူ့ဝန်ကို ထမ်းမည့်သူ၊ ပြည်သူများ၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည့်သူဟူသည့် စိတ်ဓာတ် မျိုးထားရှိနိုင်ရေးနှင့် ပိုမိုကောင်းမွန်သော Service Delivery ပေးနိုင်သော ပြည်သူ့ ဝန်ထမ်းကောင်းများ ဖြစ်စေရေး ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ပေးရန်၊

(၄)    ဝန်ထမ်းများ၏အရည်အသွေးနှင့်စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးအတွက်ပြည်တွင်း၌ သင်တန်းများဖွင့်လှစ်ခြင်း၊ နိုင်ငံခြားပညာတော်သင်များ စေလွှတ်ခြင်း၊ ဆွေးနွေးပွဲ များနှင့် နှီးနှောဖလှယ်ပွဲများကျင်းပခြင်း စီမံဆောင်ရွက်ရန်၊

(၅)    ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊စည်းမျဉ်းစည်းကမ်းများ၊လုပ်ထုံးလုပ်နည်းများ၊ စံနှုန်း များသတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စု အစိုးရအား အထောက်အကူပြုရန်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ

ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ အခန်း ( ၃)၊ ပုဒ်မ ၈၊ ပုဒ်မ ၉ နှင့် ပုဒ်မ ၁၀ တို့တွင် အောက်ပါအတိုင်း အဖွဲ့၏တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းထားရှိပါသည်−

အဖွဲ့၏တာဝန်များ

အဖွဲ့၏တာဝန်များအနေဖြင့် အောက်ပါအတိုင်းဖြစ်သည်-

(၁)    ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေ၊ ပုဒ်မ ၃ ပါ နိုင်ငံ့ဝန်ထမ်းများကို စနစ်တကျ ရွေးချယ်ခြင်း၊

(၂)    ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်ခြင်း၊

(၃)    ဝန်ထမ်းဆိုင်ရာကျင့်ဝတ်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ၊ စံနှုန်းများ သတ်မှတ်ရေးနှင့် မူဝါဒလမ်းညွှန်ချက်များ ချမှတ်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား အထောက်အကူပြုခြင်း၊

(၄)    ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သုတေသနပြုလုပ်ခြင်း၊

(၅)    ပြည်ထောင်စုအစိုးရ၏ ခွင့်ပြုချက်ဖြင့် ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊

(၆)    ဝန်ထမ်းအဖွဲ့အစည်းများ မေးမြန်းလာသည့် ဝန်ထမ်းရေးရာကိစ္စရပ်များကို စိစစ်ပြီး တည်ဆဲစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်ကြားခြင်း၊

(၇)    ဝန်ထမ်းများအား အရေးယူခြင်းဆိုင်ရာကိစ္စများနှင့်စပ်လျဉ်း၍ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းထားရှိခြင်း၊

(၈)    ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ထမ်းအဖွဲ့အစည်းများ၏ ဝန်ထမ်းရွေးချယ်ရေး၊ လေ့ကျင့်ပျိုးထောင်ရေး၊ စည်းကမ်း ထိန်းသိမ်းရေးကိစ္စများနှင့်စပ်လျဉ်း၍ စိစစ်ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၉)    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရက မိမိတို့က တာဝန်ယူအကောင်အထည် ဖော်ရသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် နယ်ဘက် ဝန်ထမ်းအဖွဲ့အစည်း များအား ဖွဲ့စည်းခြင်း၊ လိုအပ်သော နယ်ဘက်ဝန်ထမ်းများ ခန့်အပ်ခြင်းတို့ပြုရာတွင် နိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပြည်ထောင်စုဥပဒေနှင့်အညီလည်းကောင်း၊ ပြည်ထောင်စုအစိုး ရနှင့် ကြိုတင်ညှိနှိုင်း၍လည်းကောင်း ဖွဲ့စည်းခန့်ထားရန် ညှိနှိုင်းဆောင်ရွက်ခြင်း၊

(၁၀)    အဖွဲ့၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်သမ္မတထံ နှစ်စဉ်အစီရင်ခံခြင်းနှင့် လိုအပ် ပါက ကြားဖြတ်အစီရင်ခံတင်သွင်းခြင်း၊

(၁၁)    ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သောတာဝန်များကို ထမ်းဆောင်ခြင်း၊

အဖွဲ့၏ လုပ်ပိုင်ခွင့်

ဝန်ထမ်းများအား ခန့်ထားရေးနှင့် အဆင့်တိုးမြှင့်ရေးတို့အတွက် ရွေးချယ်ခြင်းနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်းဖြစ်သည်-

(၁)    မည်သည့်ရာထူးအဆင့် ဝန်ထမ်းများကိုသာ အဖွဲ့ကရွေးချယ်ခွင့်ရှိကြောင်း ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် သတ်မှတ်ခြင်း၊

(၂)    အဖွဲ့ကသာ ရွေးချယ်ရန် သတ်မှတ်ထားသောရာထူးအဆင့်မှအပ ကျန်ရာထူးအဆင့် ရှိဝန်ထမ်းများအားအဖွဲ့၏ညွှန်ကြားချက်နှင့်အညီ သက်ဆိုင်ရာဝန်ထမ်း အဖွဲ့အစည်း များက ရွေးချယ်ရန် သတ်မှတ်ခြင်း၊

(၃)    ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းများအား ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥပဒေပုဒ်မ၉၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ရာထူးအတွက် ဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ထမ်းအဖွဲ့ အစည်းအကြီးအမှူးက အဖွဲ့ဖွဲ့စည်း၍ ရွေးချယ်ရန် လွှဲအပ်ခြင်း၊

(၄)    ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥပဒေ ပုဒ်မ ၈ ၊ ပုဒ်မခွဲ (ဇ) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ ပုဒ်မ ၈ ပုဒ်မခွဲ (ဈ)ပါဝန်ထမ်းများကို ခန့်အပ်လိုသည့်ကိစ္စများ တွင် အဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးများအား ဆောင်ရွက်စေခြင်း၊

(၅)    ထူးခြားသည့် အခြေအနေတစ်ရပ်ရပ်ကြောင့် ဝန်ထမ်းအဖွဲ့အစည်းတစ်ခုခုတွင် မည်သည့်အဆင့်ဝန်ထမ်းကိုမဆို ခန့်အပ်ရန် လိုအပ်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး သို့ ထောက်ခံတင်ပြခြင်း၊

(၆)    သက်ဆိုင်ရာဝန်ထမ်းအဖွဲ့အစည်းများက ပြန်တမ်းဝင်အရာရှိအဆင့်သို့ တိုးမြှင့်ရေး နှင့်စပ်လျဉ်း၍ထောက်ခံလာသောကိစ္စရပ်များကို ရာထူးတိုးမြှင့်ရေးဆိုင်ရာ သတ်မှတ် ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ခြင်း။

ဝန်ထမ်းများအား ထိရောက်စွာလေ့ကျင့်ပျိုးထောင်နိုင်ရေးနှင့်စပ်လျဉ်း၍ အဖွဲ့၏ လုပ်ပိုင်ခွင့် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်− 

(၁)    ဝန်ထမ်းများအား ထိရောက်စွာ လေ့ကျင့်ပျိုးထောင်နိုင်ရေးအတွက် ဝန်ထမ်း တက္ကသိုလ်များ၊ ဝန်ထမ်းကျောင်းများကို ဖွင့်လှစ်ခြင်း၊

(၂)    သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် နှီးနှောဖလှယ်ပွဲများ ကျင်းပဆောင်ရွက်ခြင်း၊

(၃)    လေ့ကျင့်ရေးဆိုင်ရာမူဝါဒများ ရေးဆွဲ၍ ပြည်ထောင်စုအစိုးရသို့ တင်ပြအတည်ပြု ချက်ရယူဆောင်ရွက်ခြင်း၊

(၄)    ပြည်ထောင်စုဝန်ထမ်းအဖွဲ့အစည်းအသီးသီးက ယင်းတို့၏ ဝန်ထမ်းများအတွက် ဖွင့်လှစ်သင်ကြားသည့် ဌာနဆိုင်ရာ ကျွမ်းကျင်မှုသင်တန်းများနှင့်စပ်လျဉ်း၍ ချမှတ် ထားသည့် လေ့ကျင့်ရေးမူဝါဒများနှင့်အညီ ပေါင်းစပ်ညှိနှိုင်းခြင်း။

ဖွဲ့စည်းခြင်း

    ပြည်ထောင်စုရာထူးဝန်အဖွဲ့ကိုအဖွဲ့ဥက္ကဋ္ဌ၏စီမံလမ်းညွှန်ကြီးကြပ်မှုဖြင့်အဖွဲ့ဝင်များမှ ဦးဆောင်၍ဥက္ကဋ္ဌရုံးအဖွဲ့ကိုအရာထမ်း(၁၈)ဦး၊အမှုထမ်း(၄၄)ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်း ရေးရာဦးစီးဌာနကို အရာထမ်း(၃၄)ဦး၊ အမှုထမ်း(၁၁၁)ဦးဖြင့်လည်းကောင်း၊ ဝန်ထမ်း ရွေးချယ် လေ့ကျင့်ရေးဦးစီးဌာနကိုအရာထမ်း(၄၆)ဦး၊အမှုထမ်း(၁၆၆)ဦးဖြင့် လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာ ပြည်)တို့တွင် အရာထမ်း (၁၅၀)ဦး၊အမှုထမ်း(၈၉၀)ဦးစီဖြင့် လည်းကောင်း ဖွဲ့စည်းထား ရှိပါသည်။

Website လိပ်စာ

www.ucsb.gov.mm