ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျမီ ယာယီနေရာချထားပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး


Ministry of Information/ ​နေပြည်တော် / May 19, 2019
image_latest


စစ်တွေ မေ ၁၉

ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများကို မိုးရာသီမတိုင်မီ လုံခြုံသောနေရာများတွင် ယာယီနေရာချထားပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွန်ကြားရေး မှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်အဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရက ပြည်သူများအတွက် သာတူညီမျှ ခံစားရရှိရေးမူနှင့် ပြုပြင်ပြောင်းလဲမှုများ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ခြင်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ သာတူညီမျှခံစားရရှိရေး ဆောင်ရွက်ရာတွင် လိုအပ်ချက်များသော နေရာများကိုဦးစားပေး ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်သည် လိုအပ်ချက်များသည့်အတွက် ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရခိုင်ပြည်နယ် အရေးကိစ္စဆောင်ရွက်ရာတွင် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးသည် နိုင်ငံတော် အစိုးရက ရခိုင်ပြည်နယ်အတွက် အလေးထားသည့်အချက် (၂) ချက်ဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ကော်မတီများ၊ အဖွဲ့အစည်းများနှင့် ပြည်သူများက ဝိုင်းဝန်း ဆောင်ရွက်နေကြောင်း၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုအကူ အညီအထောက်အပံ့ပေး ရေး၊ ပြန်လည်နေရာချ ထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)၊ ဆက်စပ်ဝန်ကြီး ဌာနများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်း များ၊ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများအားလုံးက ရခိုင်ပြည်နယ်အတွက် ဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း။

မိမိတို့ဝန်ကြီးဌာနသည် ဘေးဒုက္ခရောက်နေသော ပြည်သူများအတွက် လိုအပ်ချက်များကို စီမံဆောင်ရွက်ရန် တာဝန်ယူရ သည့် အစိုးရဌာနဖြစ်ပါကြောင်း၊ ထို့ကြောင် ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မိမိတို့ နေအိမ်များကို စွန့်ခွာတိမ်းရှောင်နေရ သော ပြည်သူများ၏ဒုက္ခများကို ဖြည့်ဆည်းပေးရန် ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လတ်တလောအခြေအနေတွင် (၄) ကြိမ်မြောက်ရှိပြီဖြစ်ပါကြောင်း၊ ပထမ (၃) ကြိမ်တွင် ဘေးဒဏ်ခံစားနေရသော ပြည်သူများ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရန် ဆန်ရိက္ခာ၊ အဝတ်အထည် အိမ်ထောင်စုသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း၊ ထို့အပြင် မိမိကိုယ်တိုင်မပါသော်လည်း ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီမှတဆင့် (၂) ကြိမ် ထောက်ပံ့မှုများပြုလုပ်ခဲ့ပြီး၊ စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၉၂၇၉) ကျော် ရှိပြီဖြစ်ကြောင်း၊ ယခုတကြိမ်ရောက်ရှိခြင်းသည် တိုက်ပွဲရှောင်ပြည်သူများအတွက် မိုးမကျ မီယာယီနေရာချထားပေး နိုင်ရေးကိစ္စဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ပဋိပက္ခ ကင်းဝေးရေး၊ တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နေသကဲ့သို့ လတ်တလော ရခိုင်ပြည်သူများ၏ ဘေးဒုက္ခများကို အမြန်ဆုံးမိုးမကျမီအချိန်မီ ဒုက္ခများက ကင်းဝင်းစေရေး ယာယီနေရာချထားရေးကို တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ရာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက နေရပ်စွန့်ခွာပြည်သူများအတွက် လိုအပ်ချက်များကို ပြည့်စုံအောင် ဆောင်ရွက် လျက်ရှိကြောင်း၊ မိုးရာသီမတိုင်မီ ယာယီနေထိုင်နိုင်ရေးအတွက် အဓိကဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ယူ တာဝန်ခံ၍ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ညွန်ကြားရေးမှူးက တိုက်ပွဲရှောင်ပြည်သူများ ယာယီ ခိုလှုံမှု အခြေအနေနှင့် ပတ်သက်၍ တင်ပြဆွေနွေးပြီး ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများနှင့်အတူ စစ်တွေ မြို့ အမျိုးသား ကျောင်းတိုက်ရှိ ဆရာတော်အား ဖူးမြော်ကြည်ညှိပြီး ရသေ့တောင် ဘူသီးတောင် မြို့နယ်များမှ တိုက်ပွဲရှောင် ပြည်သူများနှင့် တွေ့ဆုံကာအားပေး စကားပြောကြားခဲ့သည်။

(သတင်းစဉ်)