နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုဆောင်ရွက်နေသော ပြည်ထဲရေး ဝန်ကြီးဌာန၏ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ

နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေးကို ရှေးရှုဆောင်ရွက်နေသော ပြည်ထဲရေး ဝန်ကြီးဌာန၏ တတိယ(၁)နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များ


Ministry of Information/ ​နေပြည်တော် / April 25, 2019
image_latest


နိုင်ငံတော်အစိုးရ၏ (၃)နှစ်တာ သက်တမ်းကာလ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ပြည်ထဲရေး ဝန်ကြီးဌာနသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းဆောင်ရွက်ရေးဟူသည့် ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်လေးရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနသို့ ပြောင်းရွေ့ဖွဲ့စည်းခဲ့ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီး ဌာနစသည့် တပ်ဖွဲ့ဦးစီးဌာနဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက် တာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ပြည်သူ လူထု၏ အကျိုးစီးပွားကို ကာကွယ်သည့် ဥပဒေများအဖြစ် ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်း၊ ရဲတပ်ဖွဲ့ စခန်းများ၊ ရဲကင်းများ အသစ်တိုးချဲ့ ဖွင့်လှစ်ခြင်း၊ မှုခင်း ကြိုတင်ကာကွယ်ရေးဆိုင်ရာ အစီအမံများကို လျင်မြန်စွာ တုံ့ပြန်နိုင်ရန် ဆောင်ရွက်ခြင်းတို့ အပါအဝင် နိုင်ငံတကာ ရဲတပ်ဖွဲ့ များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေးနှင့် လူကုန်ကူးခံရမှုများကို ထိရောက်စွာ ကာကွယ်တားဆီးခြင်း စသည်တို့ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်

ဦးခိုင်ထွန်းဦးက “နိုင်ငံတော်အစိုးရရဲ့ (၃) နှစ်တာ သက်တမ်းကာလ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိတဲ့ ဥပဒေတွေကို ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့ လိုက်လျော ညီထွေရှိပြီး မူဝါဒနဲ့ ကိုက်ညီမှုရှိပြီး ပြည်သူလူထု အကျိုးစီးပွားကို ကာကွယ်တဲ့ ဥပဒေဖြစ်စေရေးတို့အတွက် လက်ရှိ စီမံခန့်ခွဲ လျက်ရှိတဲ့ ဥပဒေ ၂၂ ခုအနက် မူလအတိုင်း ထားရှိမယ့် ဥပဒေရှစ်ခု၊ ပြင်ဆင်ရေးဆွဲခဲ့တဲ့ ဥပဒေတစ်ခု၊ ရုပ်သိမ်းပြီး အသစ်ရေးဆွဲခဲ့တဲ့ ဥပဒေ နှစ်ခု၊ ရုပ်သိမ်းရန် အသစ်ရေးဆွဲလျက် ရှိတဲ့ ဥပဒေရှစ်ခု၊ ပြင်ဆင်ရေးဆွဲရန် ဆောင်ရွက်လျက်ရှိတဲ့ ဥပဒေတစ်ခု၊ အသစ် ရေးဆွဲတဲ့ ဥပဒေနှစ်ခု စတာတွေကို ဆောင်ရွက်လျက်ရှိပါတယ်။

“ပြည်တွင်း လုံခြုံရေးနဲ့ ရပ်ရွာအေးချမ်း သာယာရေးအတွက် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှစ်ရုံး၊ နယ်မြေရဲစခန်း ၁၇ ခု၊ ရဲကင်းစခန်းခြောက်ခုတို့ကို အသစ်တိုးချဲ့ ဖွင့်လှစ်ဆောင်ရွက်ခဲ့ပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရှိ ရဲစခန်းတွေမှာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေဆောင်ရွက်ခဲ့ပြီး တရားခံအချုပ်သားတွေကို စစ်ဆေးမှုတွေပြုလုပ်ရာမှာ ညှဉ်းပန်း နှိပ်စက်မှုတွေ မရှိစေရေးနဲ့ ဥပဒေနဲ့ အညီသာ စစ်ဆေးမေးမြန်းဆောင်ရွက်ရေး စတာတွေကို အလေးအနက်ထားလိုက်နာ ဆောင်ရွက်ဖို့ တပ်ဖွဲ့ဝင်တွေကို အသိပေး ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်တွေကို လိုက်နာမှု မရှိရင် ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့ အညီ အရေးယူအပြစ်ပေးခြင်းတွေ ဆောင်ရွက်လျက် ရှိပါတယ်။

“မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ် လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်တွေ အကြား အလံတင် အစည်းအဝေး စုစုပေါင်း ၂၆ ကြိမ် ဆောင်ရွက်ခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ (BGP)နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်ခြား စောင့်တပ် (BGB) အကြား နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်းပြီး ခြေလျင် ကင်းလှည့်ခြင်းကို ၂၀၁၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ စုစုပေါင်း ၂၁၆ ကြိမ်နဲ့ မြစ်ကြောင်း ကင်းလှည့်ခြင်း စုစုပေါင်း ၆၁ ကြိမ် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။

၂၄ နာရီ တာဝန်ချထား

“မှုခင်းကြိုတင် ကာကွယ်ရေးဆိုင်ရာ အစီအမံတွေ အကောင်အထည်ဖော် ဆောင်ရွက်ရာမှာ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ဖို့အတွက် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွေမှာ Command Center တွေ တည်ဆောက်ပြီး Hot Line ဖုန်းတွေ၊ CCTV နဲ့ ဆက်စပ်ပစ္စည်းတွေ တပ်ဆင်ထားပါတယ်။ ၂၄ နာရီ တာဝန်ချထားပြီး ပြည်သူလူထုရဲ့ သတင်းပေးမှု တွေကို ချက်ချင်း လက်ခံဆောင်ရွက်ပေးလျက် ရှိပါတယ်။ မှုခင်းတွေ စစ်ဆေးစီရင်ရာမှာ သိပ္ပံနည်းကျ စစ်ဆေးဆောင်ရွက်နိုင်ဖို့အတွက် မှုခင်းဆိုင်ရာ DNA ဌာနအသစ်ကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှာ တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်နိုင်ခဲ့ပြီး မှုခင်း ကြိုတင်ကာကွယ် ရေးဆိုင်ရာ မဟာဗျူဟာကို ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (မူကြမ်း) ရေးဆွဲပြီးဖြစ်ပါတယ်။

“နိုင်ငံတကာ ရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေအနေနဲ့ နိုင်ငံဖြတ်ကျော် မှုခင်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှုခင်းတွေနဲ့ လူမှောင်ခိုရွှေ့ပြောင်းသွားလာ မှုခင်းတွေအပြင် အခြားမှုခင်းတွေကို အပြည်ပြည်ဆိုင်ရာ ရဲအဖွဲ့(Interpol)၊ အာဆီယံရဲအဖွဲ့ (Aseanapol)၊ ဥရောပရဲအဖွဲ့(Europol)၊ နိုင်ငံအလိုက် ရဲအဖွဲ့တွေနဲ့ ဆက်သွယ် ဆောင်ရွက်လျက် ရှိပါတယ်။ မြန်မာ - ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ - တရုတ် နယ်စပ် ဆက်ဆံရေးရုံးနှစ်ရုံး အသစ်တိုးချဲ့ ဖွင့်လှစ် နိုင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ နယ်စပ်ဆက်ဆံရေးရုံး (BLO) စုစုပေါင်း ၁၁ ရုံး ဖွင့်လှစ် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါတယ်။

ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း လျှော့ကျခဲ့

“မူးယစ်ဆေးဝါးအန္တရာယ် တားဆီး ကာကွယ်ရေးအတွက် ၁၉၉၃ ခုနှစ် မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပြင်ဆင် နိုင်ရေး ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ပြင်ဆင်တဲ့ ဥပဒေကို ထုတ်ပြန် ခဲ့ပါတယ်။ မူးယစ်ဆေးဝါး ပပျောက်ရေးစီမံကိန်းတွေကို ရေးဆွဲပြီး ဘိန်းအပါအဝင် မူးယစ် ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခြင်း၊ ဘိန်းစိုက်ခင်းတွေ ဖျက်ဆီးခြင်း၊ ဘိန်းအစားထိုး သီးနှံစိုက်ပျိုးခြင်းနဲ့ သစ်တောစိုက်ပျိုး ထိန်းသိမ်းခြင်းတွေကို ဆောင်ရွက်နိုင် ခဲ့လို့ ၂၀၁၈ ခုနှစ်မှာ ဘိန်းစိုက်ပျိုးမှု ၉ ဒသမ ၁ ရာခိုင်နှုန်း လျော့ကျခဲ့ပါတယ်။

“(၃)နှစ်တာကာလအတွင်း မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်/ ပျံ့နှံ့မှုကို တားဆီးနှိမ်နင်းဖို့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စီမံချက် ၁၁ ကြိမ် ရေးဆွဲ ဆောင်ရွက်ခဲ့ရာ အမှုပေါင်း ၂၃၈၃ မှုနဲ့ တရားခံစုစုပေါင်း ၃၃၃၉ ဦးကို ဖမ်းဆီးအရေးယူ နိုင်ခဲ့ပါ တယ်။

“မြန်မာနိုင်ငံသားတွေ ပြည်တွင်း/ပြည်ပ လူကုန်ကူးခံရမှုတွေကို ထိရောက်စွာ ကာကွယ် တားဆီးခဲ့ရာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေနဲ့ အမှုဖွင့်အရေးယူမှု ၅၁၀ ရှိပြီး တရားခံ ပေါင်း ၁၄၅၈ ဦးကို ဖော်ထုတ်ဖမ်းဆီး အရေးယူ နိုင်ခဲ့ကာ လူကုန်ကူးခံရသူပေါင်း ၈၈၉ ဦးကို ကယ်တင်နိုင်ခဲ့ပါတယ်”ဟု ဆိုသည်။

စီးပွားရေးဆိုင်ရာ ပြစ်မှုများနှင့် ဝန်ထမ်း မသမာမှုများ စုံစမ်းဖော်ထုတ် အရေးယူရေး၊ နိုင်ငံတော် လုံခြုံရေး သတင်းများ စုဆောင်း တင်ပြရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရေး စသည့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၏ ရည်မှန်းချက်များဖြစ်ပြီး အဆိုပါ ရည်မှန်းချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် စိစစ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ ဥပဒေအကြံပေးခြင်း၊ တရားစွဲတင်ပို့ခြင်းနှင့် တရားရုံးအမှုလိုက်ပါခြင်း၊ သတင်းများ စုဆောင်းတင်ပြခြင်းနှင့် လုံခြုံရေး ပူးပေါင်း ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းတာဝန်များဖြင့် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိသည်။

၅၂၈ မှု စုံစမ်းစစ်ဆေး

“အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနအနေနဲ့ စီးပွားရေးပြစ်မှုတွေနဲ့ ဝန်ထမ်းမသမာမှုတွေ စုံစမ်းဖော်ထုတ် အရေးယူရေးဆောင်ရွက်လျက်ရှိရာ (၃)နှစ်တာ ကာလအတွင်း ပြည်ထဲရေး ဝန်ကြီးဌာနက တာဝန်ပေးအပ်တဲ့အမှုတွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်း ပေးတဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင် စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေနဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က တာဝန်ပေးအပ်လာတဲ့အမှု စုစုပေါင်း ၅၂၈ မှုကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီစုံစမ်းစစ်ဆေးမှုတွေထဲမှာ စီးပွားရေးဆိုင်ရာ ပြစ်မှု ၁၃၆ မှုနဲ့ ထုတ်ပြန်ထားတဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ ညွှန်ကြားချက်တွေကို ဖောက်ဖျက်ကျူးလွန်သည့် ဝန်ထမ်းမသမာမှု ၁၅၉ မှုကို စုံစမ်း စစ်ဆေးနိုင်ခဲ့ပါတယ်” ဟု ခေတ္တအမြဲတမ်း အတွင်းဝန်က ဆက်လက်ပြောပြသည်။

အကျဉ်းဦးစီးဌာနသည် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသည့် အကျဉ်းသားများနှင့် အချုပ်သားများအား ဥပဒေနှင့်အညီ လုံခြုံစွာ ထိန်းသိမ်းဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်ပြီး ပြစ်ဒဏ်ကျ အကျဉ်းသားများ၏ အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေး၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ တတ်မြောက်သွားရေး စသည်တို့အပြင် ပြစ်ဒဏ် ကာလစေ့၍ လွတ်မြောက် သွားသည့်အခါ လူမှုအသိုက်အဝန်းအတွင်း ဘဝရပ်တည် နေထိုင်နိုင်ရေးအတွက် အထောက် အကူပြုတဲ့ အစီအမံများကို ဦးတည်ဆောင်ရွက်ပေးရသည့် ဌာနတစ်ခု ဖြစ်သည်။

နိုင်ငံတော်အစိုးရ၏ ပြုပြင်ပြောင်းလဲမှု (၃) နှစ်တာအတွင်း အကျဉ်းထောင်များနှင့် အချုပ် ထောင်များ ထပ်မံတိုးချဲ့ ဆောက်လုပ်ခြင်း၊ ခေတ်နှင့်လျော်ညီသည့် အကျဉ်းသား စားစရိတ် များဖြင့် ကျွေးမွေးခြင်းနှင့် ပြစ်ဒဏ်မှ လွတ်မြောက်သည့် အကျဉ်းသားများကို သင့်လျော်သည့် ခရီးစရိတ်များ ထုတ်ပေးခြင်း၊ အကျဉ်းသားများအား ကျန်းမာရေးအသိ ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ အကျဉ်းသားများအား ပညာဆက်လက် သင်ကြားခြင်း စသည်တို့ကို ကြိုးပမ်းဆောင် ရွက်နိုင်ခဲ့သည်။

“အကျဉ်းဦးစီးဌာနအနေနဲ့ အကျဉ်းသား၊ အချုပ်သားတွေကို ဥပဒေနဲ့အညီ လုံခြုံစွာ ထိန်းသိမ်း ဆောင်ရွက်ရတဲ့ ဌာနတစ်ခု ဖြစ်ပါတယ်။ အကျဉ်းသားနဲ့ အချုပ်သားတွေရဲ့ အကျင့်စာရိတ္တ ပြုပြင်ပြောင်းလဲရေး၊ အသက် မွေးဝမ်းကျောင်း အတတ်ပညာရပ်တွေ တတ်မြောက်သွားရေး၊ ပြစ်ဒဏ်ကာလစေ့လို့ လွတ်မြောက်သွားတဲ့အခါ လူမှုအသိုက်အမြုံအတွင်း ဘဝရပ်တည်နိုင်ရေး အတွက် အထောက်အကူပြုနိုင်မယ့် အစီအမံတွေကိုပါ ဦးတည်ဆောင်ရွက်ပေးနေတဲ့ ဌာနတစ်ခု အဖြစ် နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ခဲ့ပါ တယ်။ အကျဉ်းသူ၊ အကျဉ်းသားတွေ အကျဉ်းထောင်များအတွင်း နေရာကျပ်တည်းမှုတွေ ဖြေလျှော့နိုင်ဖို့ အတွက် (၃)နှစ်တာကာလအတွင်း အကျဉ်းထောင်နှစ်ခုနဲ့ အချုပ်ထောင် နှစ်ခု ထပ်မံဆောက်လုပ် ပေးနိုင်ခဲ့ပြီး အကျဉ်း ထောင်သုံးခုနဲ့ အချုပ်ထောင်တစ်ခုကို တိုးချဲ့ ဆောက်လုပ်ပေးလျက်ရှိပါတယ်။

ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိ

အကျဉ်းသားတွေရဲ့ စားစရိတ်အနေနဲ့ အကျဉ်းထောင်ရှိ အကျဉ်းသားတစ်ဦးကို ငွေကျပ် ၉၇၅ ကျပ်နှုန်း၊ စခန်းရှိ အကျဉ်းသား တစ်ဦးကို ငွေကျပ် ၁၀၀၀ နှုန်းနဲ့ နေ့စဉ် ကျွေးမွေးလျက်ရှိပါ တယ်။ အကျဉ်းသား လွတ်သူတစ်ဦးကို ခရီးစရိတ်တစ်မိုင်လျှင် ၃၅ ကျပ်နှုန်းနဲ့ စားစရိတ်အဖြစ် တစ်ရက်ကို ငွေကျပ် ၁၀၀၀ နှုန်း တိုးမြှင့်ထုတ်ပေးလျက်ရှိပါတယ်။ အင်းစိန်၊ မန္တလေးနဲ့ သာယာ ဝတီစတဲ့ ဗဟို အကျဉ်းထောင်သုံးခုမှာ ခုတင် ၅၀ ဆံ့ ဆေးရုံ တစ်ခုစီ၊ အင်းစိန် ဗဟို အကျဉ်းထောင်မှာ တီဘီလူနာကုသဆောင် ဆောက်လုပ်ကာ အကျဉ်းသား လူနာတွေကို ကုသပေးလျက်ရှိပါတယ်။ အကျဉ်းထောင်၊ စခန်းတွေမှာရှိတဲ့ ဆေးရုံနဲ့ ဆေးပေးခန်းတွေမှာ ဌာနရှိ ဆရာဝန်တွေ၊ ကျန်းမာရေးမှူးတွေနဲ့ ကုသပေးလျက်ရှိပြီး ပြည်သူ့ဆေးရုံကြီးတွေရဲ့ အထူးကု ဆရာဝန်ကြီးတွေကို ပင့်ဖိတ် ကုသပေးလျက် ရှိပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကို ပြင်ပ ဆရာဝန်တွေ၊ အထူးကု ဆရာဝန်တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပေးလျက် ရှိပါတယ်။

အကျဉ်းသား၊ အကျဉ်းသူတွေကို အတန်းပညာ ဆက်လက်သင်ကြားပေးခြင်းအနေနဲ့ ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၁၉ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အကျဉ်းသား ၁၁ ဦး အောင်မြင်ခဲ့ပြီး တစ်ဘာသာ ဂုဏ်ထူးရှင်နှစ်ဦး ပါရှိပါတယ်။ ၂၀၁၆ -၂၀၁၇ ပညာ သင်နှစ်မှာ ၄၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အကျဉ်းသား ၁၅ ဦးနဲ့ အကျဉ်းသူ တစ်ဦး အောင်မြင် ခဲ့ပါတယ်။ သုံးဘာသာ ဂုဏ်ထူးရှင်တစ်ဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ငါးဦး ပါဝင်ခဲ့ပါတယ်။ ၂၀၁၇-၂၀၁၈ ပညာသင် နှစ်မှာ ၁၀၄ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အကျဉ်းသား ၄၃ ဦးနဲ့ အကျဉ်းသူ လေးဦး အောင်မြင်ခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးရှင်ငါးဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ငါးဦးနဲ့ တစ်ဘာသာဂုဏ်ထူးရှင် ၁၈ ဦး ထွက်ပေါ်ခဲ့ပါတယ်။ ယခု ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှာ ၁၇၁ ဦး ဝင်ရောက် ဖြေဆိုထားပါတယ်။

အကျဉ်းသားတွေ အဝေးသင်တက္ကသိုလ် တက်ရောက်မှုအနေနဲ့ ၂၀၁၆ - ၂၀၁၇ ပညာ သင်နှစ်မှာ ပထမနှစ် ကျောင်းသားတစ်ဦး၊ ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာ ပထမနှစ် ကျောင်းသားကိုးဦး၊ ဒုတိယနှစ်ကျောင်းသား သုံးဦး၊ တတိယနှစ် ကျောင်းသားတစ်ဦး၊ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှာ ပထမနှစ် ကျောင်းသား ၁၅ ဦး၊ ဒုတိယနှစ် ကျောင်းသား ရှစ်ဦး၊ တတိယနှစ်ကျောင်းသား လေးဦး၊ စတုတ္ထနှစ် ကျောင်းသားတစ်ဦး ဖြေဆိုအောင်မြင်ခဲ့ပါတယ်” ဟု ဦးခိုင်ထွန်းဦးက ဆိုသည်။

မီးဘေးအန္တရာယ် တားဆီးကာကွယ်ရေး

မီးဘေးလုံခြုံရေး၊ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးတို့သည် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက် လုပ်ငန်း တာဝန်များဖြစ်ကြပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ပစ္စည်းများနှင့် နိုင်ငံအတွင်းရှိ ကုန်ထုတ်အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး၊ သဘာ၀ဘေး အန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်လာ သည့်အခါ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ခြင်း စသည်တို့ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ပြည်သူလူထုအတွင်း မီးဘေးသတိမူရေး အသိပညာများ စိမ့်ဝင်ပျံ့နှံ့ရေး၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဥပဒေကို ခေတ်စနစ်နှင့်အညီ ပြဋ္ဌာန်းနိုင်ခဲ့ခြင်း၊ သဘာ၀ ဘေးအပါအဝင် အခြား မတော်တဆ ဖြစ်စဉ်များတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ မီးသတ် ဦးစီးဌာန ဖွံ့စည်းပုံနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တိုးချဲ့ဖွံ့စည်းနိုင်ခဲ့ခြင်း၊ တပ်ဖွဲ့ဝင်များ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးအတွက် ပြည်ပနိုင်ငံများသို့ မီးဘေးနှင့် သဘာ၀ဘေး အန္တရာယ် ဆိုင်ရာ သင်တန်းများ စေလွှတ်ခြင်း၊ ဌာနတွင်း သင်တန်းများ အပါအဝင် စီမံခန့်ခွဲမှု ဆိုင်ရာ နည်းပညာ သင်တန်းများ၊ အုပ်ချုပ်ထောက်ပံ့မှုဆိုင်ရာ နည်းပညာသင်တန်းများ၊ ဘာသာရပ်ဆိုင်ရာ နည်းပညာရပ်များ၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာ သင်တန်း များ ကို ဖွင့်လှစ်စေလွှတ် တက်ရောက်စေခဲ့သည်။

“မီးသတ်ဦးစီးဌာန အနေနဲ့ မီးဘေးလုံခြုံရေးနဲ့ သဘာ၀ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်း တွေ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၅ ခုနှစ် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကိုင်တွယ် ကျင့်သုံးလျက်ရှိပါတယ်။ ၂၀၁၃ ခုနှစ်က စတင်ပြီး အထပ်မြင့် အဆောက်အအုံ စစ်ဆေး အကြံပြုခြင်း ဆောင်ရွက်ပေးခဲ့ရာ (၃)နှစ်တာ ကာလအတွင်း အထပ်မြင့် အဆောက်အအုံ ၆၈၃၁ လုံးကို စစ်ဆေး အကြံပြုပေးနိုင်ခဲ့လို့ ဆောင်ရွက်ပေးမှု ရငွေကျပ်ကျပ် ၁၃၁၄၄၅၅၁ ကျပ်ကို နိုင်ငံတော်သို့ ပေးသွင်းနိုင်ခဲ့ပါတယ်။

ခေတ်မီပြီး စွမ်းအားပြည့်ဝတဲ့ တပ်ဖွဲ့ဖြစ်စေဖို့အတွက် ပိုလန်နိုင်ငံအစိုးရ နောက်ခံ အခြေပြု ဥရောပသမဂ္ဂရဲ့ တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှုချေးငွေ (Organization for Economic Co-operation and Development-OECD) မှ တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အပံ့ (Official Development Assistance-ODA) အစီအစဉ်နဲ့ ယူရိုသန်း ၅၀ ထောက်ပံ့ချေးငွေဖြင့် ခေတ်မီမီးငြှိမ်းသတ်ရေးယာဉ်၊ ရှာဖွေ ကယ်ဆယ်ရေးယာဉ်နဲ့ မီးသတ်အထောက် အကူပြုယာဉ် စုစုပေါင်း ၇၅ စီး အပါအဝင် စက်ကိရိယာတွေနဲ့ ဆက်စပ်ပစ္စည်းတွေ ဝယ်ယူခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တွေကို ပိုလန်နိုင်ငံ မီးသတ်တက္ကသိုလ်သို့ သွားရောက်လေ့ကျင့်ခြင်းတွေ ဆောင်ရွက် ခဲ့ပြီး စွမ်းရည် မြင့်မားအောင် ဆောင်ရွက်ခဲ့ပါတယ်။

“ဒါ့အပြင် သဘာ၀ဘေးအန္တရာယ် အပါအဝင် မတော်တဆဖြစ်စဉ်တွေမှာ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ (၃)နှစ်တာ ကာလ အတွင်း ရှာဖွေကယ်ဆယ်ရေး ဖြစ်စဉ် ၄၉၈၅ ကြိမ်ရှိပြီး သေဆုံးသူ ၁၇၆၅ ဦး၊ ဒဏ်ရာရရှိသူ ၇၃၆၁ ဦး၊ ပျက်စီးခဲ့သည့်အိမ်ခြေ ၁၂၁၃၂၉ လုံးနဲ့ ဒုက္ခရောက်သူ ၃၀၃၇၆၃ ဦးကို ကူညီ ဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်” ဟု ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက ပြောပြသည်။

ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားဖြစ်ထွန်းရေး ကို ရှေးရှု၍ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာဝန်များကို အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

သတင်းဆောင်းပါး - မင်းမင်းဇော်(သတင်းစဉ်)၊ ဓာတ်ပုံ - မောင်ဖိုးဇော်