ကရင်ပြည်နယ်တွင် ၂၀၁၅ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအထိ မိုင်းဖြစ်စဉ် ၅၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၉၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၈၅ ဦးသေဆုံးခဲ့

ကရင်ပြည်နယ်တွင် ၂၀၁၅ခုနှစ်မှ ၂၀၁၉ ခုနှစ် မတ်လအထိ မိုင်းဖြစ်စဉ် ၅၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၉၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၈၅ ဦးသေဆုံးခဲ့


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / April 04, 2019


ဘားအံ ဧပြီ ၄
 ကရင်ပြည်နယ်တွင် နှစ်ပေါင်း ၆ဝကျော် လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ပေါက်ကွဲစေတတ်သော စစ်ကျန်ပစ္စည်းများအန္တရာယ်ကြောင့် ပြည်သူများအနေဖြင့် မကြာခဏ ထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်သေဆုံးခြင်းများကို ခံစားခဲ့ကြရကာ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ခုနှစ် မတ်လအထိ မိုင်းဖြစ်စဉ် ၅၁၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ၅၉၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၁၈၅ဦး သေဆုံးခဲ့ကြောင်း ဧပြီလ ၄ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင်ခန်းမ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာမိုင်းအသိပညာပေးခြင်းနှင့် မိုင်းဆိုင်ရာအကူအညီများ နိုင်ငံတကာနေ့ အခမ်းအနားမှ သိရသည်။
 ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးဇော်မင်းက ῝ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထက် ကျုံထော်ရေတံခွန်နှင့်ရင်းဘိုင်းအုပ်စုက ကျေးရွာပေါင်း ၃၀ လောက်ကို မိုင်းရှင်းလင်းရေးလုပ်ပေးဖို့ နိုင်ငံတော်အစိုးရဆီကလည်းခွင့်ပြုချက်ရထားပြီးပြီ၊ တပ်မတော်နှင့်ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေဆီမှလည်း သဘောတူညီချက်ရထားပြီးပြီ၊ သို့သော် ပြီးခဲ့တဲ့နှစ်ထဲမှာ အဲဒီဒေသမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့အစည်းက ညီအစ်ကိုတွေအချင်းချင်းပြသနာတွေရှိတဲ့အခါမှာ ခေတ္တစောင့်ဆိုင်းနေတဲ့ ကာလပဲဖြစ်ပါတယ်၊ နောက်ပိုင်း နားလည်မှုတိုးတက်သွားမယ်ဆိုရင်တော့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေ စနိုင်လိမ့်မယ်လို့ ကျွန်တော့အနေနဲ့ယုံကြည်ပါတယ်῍ ဟုပြောသည်။
 ယခုအခါ ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဖြစ်တည်တိုးတက်မှုနှင့်အတူ ပြည်တွင်းငြိမ်းချမ်းရေးကို NCA လမ်းကြောင်းဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများ၊ The Halo Trust ၊ Humanity & Inclusion ( HI ) ၊ Mine Advisory Group ( MAG ) ၊ Dan Church Aid ( DCA ) အစရှိသည့် INGO အဖွဲ့အစည်းများက ဒေသအတွင်း မိုင်းအန္တရာယ်အသိပညာပေးခြင်း၊ မိုင်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် စစ်ကျန်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ကလေးလူကြီးစုစုပေါင်း တစ်သိန်းတစ်သောင်းကျော်ကို မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများပို့ချနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်အစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေဖြင့် မိုင်းထိလူနာများအား တစ်ဦးလျှင် ၂၀၀၀၀၀ိ/-(နှစ်သိန်း)နှုန်းဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း၊ ICRC အဖွဲ့မှ မိုင်းထိလူနာများအတွက် ၂၀၀၃ ခုနှစ်မှစ၍ ဘားအံတွင် ခြေတုလက်တုစက်ရုံကိုဖွင့်လှစ်ပြီး ကျား ၆၄၄၁ ဦး၊ မ ၈၉၅ ဦး စုစုပေါင်း ၇၅၆၁ ဦးကို ခြေတု ၁၀၇၀၇ ခု၊ အားပြုဝှီးချဲ ၃၉၄ စီး၊ ဂျိုင်းထောက်/လက်ထောက် ၁၃၀၅၀ခုကို ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ HI အဖွဲ့မှ သံတောင်ကြီးမြို့၊ ကော့ကရိတ်မြို့တို့တွင် VAC Center များဖွင့်လှစ်ပြီး မိုင်းထိလူနာများနှင့် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ခြေတုလက်တုနှင့် အားပြုကိရိယာများ ထောက်ပံ့ပေးခြင်း၊ အသက်မွေးဝမ်းကြောင်းပညာရပ်များ၊ အသေးစားဝင်ငွေရလုပ်ငန်းများထူးထောင်ပေးခြင်းတို့ကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရသည်။
 အဆိုပါအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လျှပ်စစ်နှင့်စက်မှုဝန်ကြီးဦးစိုးလှိုင်က အဖွင့်အမှာစကားပြောကြားပြီး နော်ဝေနိုင်ငံသံအမတ် Ms.Lise Nordgaard Deputy Ambassador က မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ရေးသဘောတူစာချုပ်အကြောင်း ရှင်းလင်းပြောကြားကာ ပြည်နယ်လူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှူးက ဒေသအတွင်း မိုင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့ကြောင်းနှင့်တက်ရောက်လာသူများနှင့်တာဝန်ရှိသူများက အခမ်းအနားအပြီးတွင် လူသားချင်းစာနာမှုဆိုင်ရာမိုင်းရှင်းလင်းရေး သရုပ်ပြမှုများအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။