Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိမ်တွင်းဖြစ် ချည်ထည် Mask ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြသူများနှင့် အပြန်အလှန်ဆွေးနွေး


Ministry of Information/ ​နေပြည်တော် / May 27, 2020
image_latest


နေပြည်တော် မေ ၂၇

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲတွင် ပြည်သူ့အနှစ်သက်ဆုံး ပထမဆုရ ဒေါက်တာကျော်ကျော်ဝင်း(Eric Yang)(USA)၊ ရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံး ပထမဆုရ ဒေါ်ဖြူဖြူငြိမ်းချမ်း( Shin Nyein Mel)၊ တီထွင်ဖန်တီးမှု အကောင်းဆုံး ပထမဆုရ ဦးမျိုးစန်းဦး(Myo Gyi)(Japan)နှင့် ပြည်သူ့အကျိုးပြု ပထမဆုရ ဒေါ်ကြည်ကြည်ဝင်း (Daw Kyi Kyi Win) တို့နှင့်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် အစည်းအဝေး ခန်းမ၌ Video Conferencing စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန် ဆွေးနွေးသည်။

ရှေးဦးစွာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နှုတ်ခွန်းဆက် စကားပြောကြားသည်။

ထို့နောက် ပြည်သူ့အနှစ်သက်ဆုံး ပထမဆုရ ဒေါက်တာကျော်ကျော်ဝင်း (Eric Yang)(USA) က COVID-19 ရောဂါနှင့် အတူယှဉ်တွဲပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍ များကို New Normal ပုံစံဖြင့် ပြုပြင်ပြောင်းလဲနေထိုင်ရန် အကြံပြုချက် များ၊ Social Distancing ကို မလျှော့သောဇွဲဖြင့် လိုက်နာဆောင်ရွက်သွားသင့်သည့် အကြံပြုချက်များ ကိုလည်းကောင်း၊ ရည်ရွယ် ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံး ပထမဆုရ ကမာရွတ်မြို့နယ်မှ ASEAN DMA Center, Poland Head Office, Managing Director  ဒေါ်ဖြူဖြူငြိမ်းချမ်းက ရင်ခွင်မဲ့ကလေးစောင့်ရှောက်ရေးလုပ်ငန်း စတင်ခဲ့မှုအခြေအနေ၊ Single Mother တစ်ဦး၏ ခံစားချက်နှင့် ရည်ရွယ်ချက်၊ မေတ္တာကို ရည်ရွယ်ပြီး ကိုယ်ဝန်ဆောင်မိခင်များအား  ကူညီဆောင်ရွက်ပေးနေမှု၊ ရင်ခွင်မဲ့ကလေးများ စောင့်ရှောက်ရာ တွင် တွေ့ကြုံရသည့် အခက်အခဲများ၊ ကိုဗစ်-၁၉နှင့်စပ်လျဉ်း၍ ကလေးများအား အသိပညာပေးခဲ့မှု အခြေအနေ များကို လည်းကောင်း၊ တီထွင်ဖန်တီးမှုအကောင်းဆုံး ပထမဆုရ ဂျပန်နိုင်ငံ တိုကျိုမြို့မှ ဂျပန် ဆိုးဘ လမယ် ဆီချက် ခေါက်ဆွဲ Tetsu 20 Company မန်နေဂျာ ဦးမျိုးစန်းဦး(Myo Gyi) (Japan) က အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရသည့် ရည်ရွယ်ချက်၊ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မှုအခြေအနေ၊ ဂျပန်နိုင်ငံ တွင် ကိုယ်တိုင်ချုပ် Mask များ သုံးစွဲမှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကြောင့် ဂျပန်နိုင်ငံ၏ အလုပ်အကိုင်အခြေအနေများကို လည်းကောင်း၊ ပြည်သူ့အကျိုးပြု ပထမဆုရ ဝမ်းတွင်းမြို့မှ ဒေါ်ကြည်ကြည်ဝင်း က အိမ်တွင်းဖြစ်ချည်ထည် Mask ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သည့်အကြောင်းအရင်း၊ ကိုယ်တိုင်ချုပ် Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့မှု၊ Mask ချုပ်လုပ်မှုပုံစံနှင့် သုံးစွဲသည့် ပစ္စည်း အမျိုးအစားကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ ကြီးမား သည့်အခက်အခဲမှာ Social Distancing ဖြစ်ပါကြောင်း၊ တစ်ချိန်လုံး Social Distancing ဖြင့် နေထိုင်ရန် လက်တွေ့ မကျပါကြောင်း၊ ဆရာဝန်တစ်ယောက်အနေဖြင့် ရုပ်ပိုင်းဆိုင်ရာ ကုသပေးခြင်း သာမက စိတ်ပိုင်းဆိုင်ရာကိုလည်း ကုသပေး ရပါကြောင်း၊ စိတ်ပိုင်းဆိုင်ရာနားလည်မှသာ ရုပ်ပိုင်းဆိုင်ရာကို ကုသ၍ရပါကြောင်း၊ မြဝတီဘက်မှ ဝင်ရောက်လာသူများ လက်ရှိ အခြေအနေတွင် လူဦးရေ ထောင်ဂဏန်း ရှိပါကြောင်း၊ မိမိတို့သိထားသည်မှာ လူဦးရေ သောင်းဂဏန်း ပြန်လည်ဝင် ရောက်လာ မည် ဖြစ်ပါကြောင်း၊ နယ်စပ်မှ ပြန်လည်ဝင်ရောက် သည့် နေရပ်ပြန်ပြည်သူများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များသို့ ပို့ဆောင် ပေးရပါကြောင်း၊ အဆိုပါနေရပ်ပြန် ပြည်သူများ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြန်လည် ပို့ဆောင်ခြင်းမပြုမီ အားလုံးကို ရောဂါပိုးရှိမရှိ စစ်ဆေးရန်မှာ မလွယ်ကူ ပါကြောင်း၊ သက်ဆိုင်ရာနေရပ်သို့ ရောက်ရှိမှသာ Quarantine ဖြင့်စောင့်ကြည့်ရ ပါကြောင်း၊ လာမည့်နှစ်ပတ်သုံးပတ်ခန့်တွင် မိမိတို့အတွက် စိန်ခေါ်မှု ကြီးရှိပါကြောင်း၊ ပြန်လည် ဝင်ရောက်လာသူများ သေချာစစ်ဆေးရန်၊ ရောဂါမပြန့်ပွားရန်နှင့် ရောဂါပိုးရှိသူများကို သေချာ ကုသရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ နေရပ်ပြန်လည်ဝင်ရောက်လာသူများ အား မိုးကျလာပါက သက်ဆိုင်ရာဒေသသို့ ပို့ဆောင်ရန် ခက်ခဲမည်ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲ နှင့်စပ်လျဉ်း၍ ပထမပိုင်းတွင် ဆုတစ်မျိုးသာပေးရန် ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင် နှစ်သောင်း ကျော်ကို ဆုပေးချင်ပါကြောင်း၊ ဆုမပေးနိုင်သော်လည်း အားလုံးကို အသိအမှတ်ပြုသည့် အနေဖြင့် အမှတ်တရကတ်များ ပေးပို့ရန်စီစဉ် ထားပါကြောင်း၊ ယခုရွေးချယ်ခဲ့သည်မှာ Like အများဆုံးရရှိသူ၊ ဒီဇိုင်းထူးခြားသူ၊ ပြည်သူ့အကျိုး ဆောင်ရွက်သူနှင့် ရည်ရွယ်ချက် ကောင်းမွန်သည့်ဆုတို့ ဖြစ်ပါကြောင်း၊ Single Mother ကိစ္စအား လက်မခံသည်မှာ လူ့အသိုင်းအဝန်း၏ တန်ဖိုးထားမှုနှင့် ဆိုင်ပါကြောင်း၊ မိမိငယ်စဉ်က တွေ့ဖူးခဲ့ပါကြောင်း၊ ခွဲခြားဆက်ဆံရန် မသင်ပေးခဲ့ပါကြောင်း၊ မျက်နှာမငယ် ရပါကြောင်း၊ မျက်နှာမငယ်ရသည့် လူ့အသိုင်းအဝန်း ဖြစ်စေချင်ပါကြောင်း၊ ပြဿနာမှာ ပြဿနာမဟုတ်ပါကြောင်း၊ ပြဿနာကို အဖြေ မရှာနိုင်ခြင်းကသာ ပြဿနာဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် ပြည်သူများအနေဖြင့် တစ်ခါသုံး Mask များအသုံးပြုရန် မတတ်နိုင် ကြပါကြောင်း၊ ထို့ကြောင့် mask များကို ကိုယ်တိုင်ချုပ်လုပ်ရန် အားပေးရခြင်းဖြစ် ပါကြောင်း၊ ကိုယ်တိုင်ချုပ် Mask များမှာ ပြန်လည်အသုံးပြုနိုင်ပြီး အချိန်ကာလမည်မျှ ကြာမည်ကို မသိရသည့်အတွက် ကိုယ်တိုင်ချုပ် Mask သုံး၊ လေးခု ရှိပါက အဆင်ပြေ ပါကြောင်း၊ Mask တပ်ဆင်ခြင်းသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် အဓိကဖြစ်ပါကြောင်း၊ Mask တပ်ဆင်ရာတွင် တပ်ပုံတပ်နည်း မှန်ကန်ရန် လိုအပ်ပါကြောင်း၊ ရောဂါဖြစ်ပွား သူများ ကို စာနာစိတ်ဖြင့် ကုသပေးကာ မေတ္တာပေးပြီး စည်းကမ်းထိန်းသိမ်းရန် လိုအပ်ပါကြောင်း၊ ရပ်ရွာများတွင် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် အားလုံးပူးပေါင်းပါဝင်ဆောင်ရွက် စေလိုပါ ကြောင်း ရှင်းလင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် မည်သည့်ကိစ္စမဆို ပြည်သူပါမှသာ အောင်မြင် နိုင်မည်ဟု မိမိမကြာခဏ ပြောပါကြောင်း၊ ပြည်သူများအနေဖြင့်လည်း ငါတို့ပါဝင်မှဖြစ်မည်ဆိုသည့်စိတ် ရှိရမည်ဖြစ်ပါကြောင်း၊ ငါတို့မပါ မဖြစ်ဘူးဆိုသည့် စိတ်မျိုးမထားရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ သည် စိန်ခေါ်မှု ကြီးတစ်ခုဖြစ်ပါကြောင်း၊ ယင်းစိန်ခေါ်မှုကြီးကို အခြေခံ၍ မိမိတို့နိုင်ငံသူ နိုင်ငံသား များ ပိုမိုစည်းလုံးစေချင်ပါကြောင်း၊ အနာဂတ်အတွက် စီမံကိန်းများ ချသည့်အခါ တွင်လည်း မှန်မှန်ကန်ကန် ဖြစ်စေချင်ပါကြောင်း၊ အခြားအကြောင်းအမျိုးမျိုးကြောင့် မိမိတို့နိုင်ငံကို ဖိအားပေးနေသည့် အသိုင်း အဝန်းများ ကိုလည်း မိမိတို့နိုင်ငံသည် မည်ကဲ့သို့သော နိုင်ငံ ဖြစ်သည်ကို ပိုမိုသိရှိစေရန် လုပ်ဆောင်နိုင်သည့်အခွင့်အရေးလည်း ဖြစ်ပါ ကြောင်း၊ ကိုဗစ်-၁၉  ကိုကျော်လွှားနိုင်ရန် ပြည်သူအားလုံးက Mask တစ်ခုချုပ်ခြင်းဖြင့် ကူညီနိုင်ပါကြောင်း၊ ထို့ကြောင့် လူတိုင်းလူတိုင်းက အရေးပါပါကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံရသည့်အတွက် ဝမ်းသာအားတက်ပါကြောင်း၊ ဆက်လက် ဝိုင်းဝန်း လုပ်ဆောင် ကြရန် တိုက်တွန်းလိုပါကြောင်း၊ ကလေးများကိုလည်း ငယ်ရွယ်စဉ်ကတည်းက မေတ္တာစိတ်များထားရန်၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန်၊ ညှာတာရန်နှင့် စေတနာထားရန် သင်ကြားပေးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ ကျော်လွှားရေး စီမံကိန်းတွင် အားလုံးကပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

(သတင်းစဉ်)