ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Ministry of Information/ ​နေပြည်တော် / April 03, 2019
image_latest


နေပြည်တော် ဧပြီ ၃

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေရိကန်နိုင်ငံအခြေစိုက် Duane Morris & Selvam LLP တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ကို အထောက်အကူ ဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဥပဒေများကို ပြင်ဆင် ပြဋ္ဌာန်းလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအတွက် များစွာ အလားအလာရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်း ဖြစ်ထွန်းလာရေးကို အလေးထား ဆောင်ရွက်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေတို့ကို နိုင်ငံတကာကျင့်သုံးမှုများနှင့် လိုက်လျော ညီထွေစွာ ပြဋ္ဌာန်းခဲ့ပါ ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းနိုင်ရေးအတွက် အနုညာတစီရင် ဆုံးဖြတ်ရေး ဥပဒေပြဋ္ဌာန်းခြင်း၊ New York Convention သို့အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ ဘာသာရပ်ဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် အတွေ့အကြုံဗဟုသုတများ တိုးပွားစေပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ဥပဒေများကို ထိရောက်စွာ ကျင့်သုံးဆောင်ရွက်နိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူ ဖြစ်စေပါကြောင်း ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် Duane Morris & Selvam LLP မှ Mrs. Arafat Selvam၊ Managing Director Mr. Krishna Ramachandra၊ ပြည်ထောင်စု ရှေ့နေချုပ်(ငြိမ်း) ဒေါက်တာထွန်းရှင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)