ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် တရုတ်ကွန်မြူနစ်ပါတီနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီတို့အကြား ဆွေးနွေး ပွဲ အခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြား


Pyithu Hluttaw/ နေပြည်တော် / November 26, 2020


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ယနေ့ မွန်းလွဲ ၂ နာရီအချိန်တွင် တရုတ်ကွန်မြူနစ် ပါတီ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီတို့အကြား ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲအခမ်းအနား (CPC in Dialogue with Political Parties of Southeast Asian Countries) သို့ တက်ရောက်မိန့်ခွန်းပြောကြားသည်။

ထိုသို့ပြောကြားရာတွင် ကပ်ရောဂါကာလကြာရှည်ခြင်းသည် ဒေသတွင်းစီးပွားရေးပြန်လည် နလန်ထူနိုင်ရေးနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေနိုင်သည့်အချက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နေထိုင်မှုပုံစံအသစ်၏ ခွင့်ပြုနိုင်သည့်ဘောင်အတွင်းမှ အတူတကွ တိုးတက်အောင်မြင်ရန် နည်းလမ်းအမျိုးမျိုးကို ထည့်သွင်းစဉ်းစားသွားရမည် ဖြစ်ပါကြောင်း၊ ယနေ့ တွေ့ဆုံမှုသည် အချိန်အခါသင့်ပြီး ကပ်ရောဂါတုန့်ပြန်တိုက်ခိုက်ရေးနှင့် ဒေသတွင်း စဉ်ဆက်မပြတ် လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများ အကြား ပူးပေါင်းဆောင်ရွက်မှုကို လှုံ့ဆော်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း။

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအကြားတွင် ကမ္ဘာ့ကုန်သွယ်မှုအများဆုံး လမ်းကြောင်း ရှိပါကြောင်း၊ ဒေသတွင်း စဉ်ဆက်မပြတ် အောင်မြင်သောအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုကို အမှန်တကယ် နားလည်သဘောပေါက်ပြီး အတူတကွ ဖွံ့ဖြိုးတိုးတက်စေရန် အလို့ငှာ ကာကွယ်ဆေး များအား ချိုသာသော ဈေးနှုန်းဖြင့် တန်းတူညီမျှရရှိရေးသည် အရေးကြီးကြောင်း၊ နိုင်ငံအားလုံးသည် မျက်မှောက်ကာလနှင့် အနာဂါတ်ကာလတွင် ကြုံတွေ့နိုင်သော ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေများအား ကြံ့ကြံ့ခံနိုင်ရန် ဆက်လက်တည်ဆောက်သွားရန် လိုအပ်ပါကြောင်း။

ဒေသတွင်း စီးပွားရေးပိုမိုကြံ့ကြံ့ခံနိုင်ရန်အတွက် ရင်းနှီးမြုပ်နှံမှုများ စီးဝင်ရေး၊ ပို့ကုန်ဈေးကွက်ဆိုင် ရာတန်ဖိုးကွင်းဆက်များနှင့် ဒေသတွင်း နိုင်ငံများအတွင်း ကုန်သွယ်မှုစသည့် ကဏ္ဍများကို အလေးပေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပိုးလမ်းမစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးသည် ဒေသတွင်း နိုင်ငံများ၏ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်အရေးပါကြောင်း၊ ထိုမှ တစ်ဆင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်ရေးတို့ကိုလည်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ အာဆီယံဒေသနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အောင်မြင် မှုသည် ဒေသတွင်း နေထိုင်သူနိုင်ငံသားအားလုံးအတွက် အောင်မြင်မှုတစ်ရပ်ပင်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အာဆီယံမိတ်ဖက်နိုင်ငံများ နှင့် ပူးပေါင်း ဆောင်ရွက်သွားရန် ထပ်လောင်း ကတိကဝတ်ပြုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။

အဆိုပါ ဆွေးနွေးပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာရေးရာဝန်ကြီးဌာနဝန်ကြီး H.E. Mr. Song Tao၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ CPC ကော်မတီအတွင်းရေးမှူး H.E. Mr. Lu Xingshe ၊ အာဆီယံနိုင်ငံများမှ လွှတ်တော်ဥက္ကဋ္ဌများနှင့် နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး ကြသည်။

၂၀၂၀ ပြည့်နှစ် ၊နိုဝင်ဘာလ ၂၆ ရက်