(၆၃) နှစ်မြောက်ကရင်ပြည်နယ်နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြဝတီမြို့ ဗိုလ်မင်းရောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / October 10, 2018


မြဝတီ အောက်တိုဘာ ၆
 (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဗိုလ်မင်းရောင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား ယနေ့ နံနက် ၉ နာရီက အဆိုပါ လမ်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
 အခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစောရောဘတ်ထူးက လမ်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင် ဦးစိန်သောင်းက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှု အခြေအနေများ ရှင်းလင်းတင်ပြသည်။
 ထို့နောက် အမှတ်(၃)ရပ်ကွက်မှ ရပ်မိရပ်ဖ စောအောင်ကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက အခမ်းအနားသို့ တက်ရောက်လာသည့် အကြီးအကဲများအား လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်သည်။
ယင်းနောက် ကရင်ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် တာဝန်ရှိသူများက ဖျော်ဖြေတင်ဆက်သည့် ကျောင်းသား၊ ကျောင်းသူအဖွဲ့များအား ဂုဏ်ပြုဆုငွေချီးမြှင့်ပေးသည်။
 ဆက်လက်ပြီး ဗိုလ်မင်းရောင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲမုဒ်ဦးအား ကရင်ပြည်နယ်စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးမြင့်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်နှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ယခုဖွင့်လှစ်သည့် ဗိုလ်မင်းရောင်လမ်းသည် ခွင့်ပြုငွေကျပ် ၃၁ ဒဿမ ၉ သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး လမ်းအကျယ် ၂၂ နှင့် အရှည် ၈၆၀ ပေရှိသည်။
 မြဝတီမြို့အနေဖြင့် ၂၀၁၈ခုနှစ်၊ ပထမ(၆)လပတ်မှာ ကွန်ကရစ်လမ်း ၁၆ လမ်း၊ BOX Culvert ၁၇ စင်းတို့ကို ခွင့်ပြုရန်ပုံငွေ ၂၇၃ ဒဿမ ၈၅ သန်းဖြင့် သုံးစွဲဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။