AA အဖွဲ့နှင့် ပတ်သက်ဆက်နွယ်နေသူများအား ဖမ်းဆီးရမိ


Ministry of Information/ ​နေပြည်တော် / July 17, 2019
image_latest


နေပြည်တော် ဇူလိုင် ၁၆

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ ဝင်များသည် ဇူလိုင် ၁၅ ရက် နံနက် ၆ နာရီခွဲ ခန့်တွင် ကန်စောက် ကျေးရွာ၏ အရှေ့ဘက် တစ်မိုင်ခန့် အကွာနေရာ၌ လုံခြုံရေး ဆောင်ရွက်နေစဉ် ပုဏ္ဏားကျွန်း ဘက်မှ ကျောက်တော်ဘက်သို့ စေတီနန်းကျေးရွာနေ ယာဉ်မောင်း ကျော်မြင့်(ဘ) ဦးမောင်သိန်း မောင်းနှင်လာပြီး ယာဉ်ပေါ်တွင် ယိုးတရုတ် ကျေးရွာနေသူများဖြစ် သည့် မင်းနိုင်ဌေး (ဘ) ဦးကျော်ဇင်အောင်နှင့် မောင်ဦးငြိမ်းဝေ(ဘ) ဦးဘသန်းတို့ လိုက်ပါ လာသည့် Starex အမျိုးအစား ယာဉ်အမှတ်၊ BGO- 3P/---- မော်တော် ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် လက်လုပ်ခါးချိုး တစ်လုံးထိုး သေနတ် တစ်လက်၊ ၅ ဒသမ ၅၆ မမကျည် ၂၈ တောင့်၊ အရိုးအသွား ၉ လက်မခန့်ရှိ ဓားတစ်ချောင်း၊ အရိုးအသွား ၃ ပေ ၆ လက်မခန့်ရှိ ဓားရှည်တစ်ချောင်း၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၀၀၀၊ လက်ကိုင်ဖုန်း ငါးလုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်အရ ယိုးတရုတ်ကျေးရွာနေ ထွန်းဝင်း (ဘ) ဦးမောင်ရွှေဇံသည် AA အဖွဲ့နှင့် ပတ်သက် ဆက်နွယ်မှုရှိကြောင်း သိရှိရသဖြင့် ၎င်း၏ နေအိမ်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်း ၎င်းနှင့်အတူ ဦးသန်းရွှေ(ဘ) ဦးဝေဖြူအောင်တို့အား AA အဖွဲ့၏ ဒဏ်ရာရရှိမှု မှတ်တမ်း ဓာတ်ပုံများနှင့် ဗီဒီယိုဖိုင်များအား Viber ဖြင့် အပြန်အလှန်ပေးပို့ထားသည့် Kenbo အမျိုးအစား လက်ကိုင်ဖုန်း တစ်လုံး၊ ပြည်ပငွေလွှဲ Western Union ငွေလွှဲ ပြေစာများ၊ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုထားသည့် ဆက်စပ်ပစ္စည်း များနှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။ အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်း များ၊ မူးယစ်ဆေးဝါးများနှင့် မော်တော်ယာဉ်တို့အား ကန်စောက်နယ်မြေ ရဲစခန်းနှင့် ယိုးတရုတ်နယ်မြေ ရဲစခန်းတို့သို့ စနစ်တကျ လွှဲပြောင်း အပ်နှံ၍ တရားဥပဒေအရ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး